ဩဂုတ်၊ ၂၉
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကမြန်မာအရေးနဲ့ ပက်သက်ပြီး ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာမှုမရှိတဲ့ အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုပါတဲ့ ဆုံးဖြတ်ချက်တွေချဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကနိုင်ငံတကာကို တောင်းဆိိုလိုက်ပါတယ်။
“ နောင်လာမယ် ဆုံးဖြတ်ချက်က အရေးယူမှုတွေ ပါတဲ့ဆုံးဖြတ်ချက်ဖြစ်ဖို့ လိုအပ်တယ်’’ လို့ဦးကျော်မိုးထွန်းက ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၉ရက် ဒီကနေ့မှာ အွန်လိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်ုး ကတောင်းဆိုလိုက်တာပါ။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ဒီဇင်ဘာလ ၂၁ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးပွဲမှာ ဗြိတိန်နိုင်ငံက တင်သွင်းတဲ့ မြန်မာအရေးနဲ့ပက်သက်တဲ့ မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက မဲခွဲဆုံးဖြတ်ပြီး အတည်ပြုချမှတ်ခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုအမြန်ဆုံးလွတ်ပေးဖို့၊ အာဆီယံသဘောတူညီချက် ငါးရပ်ကို အမြန်ဆုံးအကောင်အတည်ဖော်ဖို့၊ အကြမ်းဖက်တိုက်ခို်က်မှုတွေရပ်တန့်ဖို့နဲ့ မြန်မာပြည်သူလူထုရဲ့ မဲဆန္ဒတွေကို လေးစားလိုက်နာဖို့ အပါအဝင် လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို ချမှတ်ခဲ့တာပါ။
ဒါပေမယ့် လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက် ချမှတ်ပြီး ရှစ်လအတွင်း စစ်ကောင်စီက အကြမ်းဖက်သတ်ဖြတ်မှုတွေကို မရပ်တန့်တဲ့အပြင် ပိုမိုလုပ်ဆောင်နေတယ်လို့ ဦးကျော်မိုးထွန်း ထောက်ပြပြောဆိုပါတယ်။
လုံခြုံရေးကောင်စီကဆုံးဖြတ်ချက်ချတဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှာ စစ်ကောင်စီတပ်ရဲ့ အကြမ်းဖတ်သတ်ဖြတ်ခံရသူပေါင်း ၂,၆၃၉ ဦးရှိပြီး ရှစ်လအကြာ အခုအချိန်မှာ လူပေါင်း ၄,၀၀၉ ရှိလာတဲ့အတွက် သေဆုံးသူ ၁,၄၀၀ နီးပါးတိုးလာတယ်လို့ ဆိုပါတယ်။
“ ဒီအချက်ကို ကြည့်မယ်ဆိုရင် ဒီဆုံးဖြတ်ချက်ကို စစ်တပ်ကလုံးဝ မလိုက်နာဘူးဆိုတာ ပေါ်လွင်နေတယ်။ လုံခြုံရေး ကောင်စီကလည်း စစ်တပ်ကမလိုက်နာတာကို လိုက်နာအောင်ဆောင်ရွက်ပေးဖို့အတွက် မလုပ်နိုင်ဘူးဆိုတာ ပေါ်လွင်တယ် ” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်ပေးနို်ိင်ဖို့ အပါအဝင် စစ်တပ်က တချိန်လုံးခံစားရထားတဲ့ အပြစ်ပေးအရေးယူခြင်းက ကင်းလွတ်နေမှု အဆုံးသတ်ရေးအပြင် စစ်တပ်ရဲ့ လက်နက်၊ လေယာဉ်ဆီနဲ့ငွေကြေး စီးဆင်းမှုမရှိရေး အချက်တွေကို အရေးယူမှုအပိုင်းအဖြစ် ထည့်သွင်းဆုံးဖြတ်ပေးကြဖို့သူက တိုက်တွန်းတောင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလမှာ လုံခြုံရေးကောင်စီက မြန်မာအရေးနဲ့ပက်သက်ပြီး ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ လွန်ခဲ့သောနှစ်ပေါင်း ခုနှစ်ဆယ် ကျော်အတွင်း မြန်မာအပေါ် ပထမဆုံးချမှတ်တဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်လို့ သိရပါတယ်။
‘’နောင်လာမယ် ဆုံးဖြတ်ချက် ဘာတွေပါသင့်တယ် ။ဘာတွေပါဖို့လိုတဲ့ ဆိုတဲ့မေးခွန်းရှိတယ်။ လိုချင်တာတွေကအများကြီးပဲ။ ဒါပေမယ် ့လည်း အဓိက ပြည်သူအသက်ကို ကယ်တင်ဖို့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ ဒီမိုကရေစီအမြန်ဆုံး ပြန်လည်ရရှိဖို့၊ ဖက်ဒရယ်ဒီမိုကရေစီတည်ထောင်နို်င်ဖို့ အချက်တွေကို အလေးထား ဆောင်ရွက်ဖို့လိုတယ် ” လို့ ဦးကျော်မိုးထွန်းကဆိုပါတယ်။