နှစ်နှစ်အတွင်း အမှုပေါင်း သုံးရာ့ခြောက်ဆယ်ကျော် အရေးယူခဲ့တယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့ပြော

သြဂုတ်၊ ၂၅
 
အာဏာသိမ်းပြီးနောက် ကရင်နီပြည်ရဲတပ်ဖွဲ့ စတင်ဖွဲ့စည်းချိန်ကနေ လက်ရှိအထိ နှစ်နှစ်အတွင်း စစ်ကောင်စီကို အားပေးကူညီတဲ့အမှု၊ မူးယစ်ဆေး၊ ခိုးမှု၊ မုဒိမ်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု နဲ့ အခြားအမှုတွေအပါအဝင် အမှုပေါင်း ၃၆၂ မှုကို အရေးယူခဲ့တယ်လို့ အဲဒီရဲတပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
 
အဲဒီနှစ်နှစ်တာကာလအတွင်း လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေအရ အကျဉ်းသား စုစုပေါင်း ၈၃ ဦးကို လွတ်ငြိမ်းခွင့်တွေ ပေးခဲ့ပြီးပြီလို့လည်း ဆိုပါတယ်။
 
ကရင်နီပြည် ရဲဌာနအနေနဲ့ လက်ရှိအချိန်အထိ ရဲစခန်းရှစ်ခုနဲ့ လုံခြုံရေးရဲကင်း လေးခု ဖွင့်လှစ်ထားပြီး လူထုအခြေပြုရဲလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးနဲ့ တခြားဝန်ဆောင်မှုတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
 
စစ်အာဏာသိမ်းပြီးနောက် ကရင်နီဒေသဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ အင်အားအများအပြားနဲ့ အစောဆုံး CDM ဝင်ခဲ့ကြတဲ့ ဒေသဖြစ်လာပြီး ၂၀၂၁ခုနှစ် ဩဂုတ် ၂၅ ရက်မှာ ကရင်နီပြည်ရဲဌာနကို စတင်ဖွဲ့စည်းခဲ့တာပါ။
 
လက်ရှိမှာတော့ CDM ရဲတွေအပြင် ရဲလုပ်ငန်း စိတ်ဝင်စားတဲ့ လူငယ်တွေကို တပ်ဖွဲ့ဝင်အသစ်တွေအဖြစ် ရွေးချယ်စုဆောင်းကာ အခြေခံရဲသင်တန်း အပတ်စဉ်နှစ်ခု သင်ကြားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
 
အဲ့ဒီသင်တန်းသားအသစ်တွေထဲ အမျိုးသမီးရဲမေ ၃၅ ရာခိုင်နှုန်း ပါဝင်တယ်လို့လည်း ကရင်နီပြည်ရဲတပ်ဖွဲ့ထုတ် ပြန်ချက်မှာ ဖော်ပြထားပါတယ်။
 
ရဲတပ်ဖွဲ့ လေ့ကျင့်ရေးဌာန အနေနဲ့ နိုင်ငံတကာ ပညာရှင်တွေနဲ့ ချိတ်ဆက်ပညာသင်ယူကာ နယ်မြေရဲစခန်းတွေမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြန်လည်သင်ကြားပို့ချခဲ့သလို လက်ရှိမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ထားနိုင်တာကြောင့် လေ့လာသင်ယူမှုတွေ တိုးချဲ့နိုင်ပြီလို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း ကရင်နီပြည်ရဲဌာနအနေနဲ့ တပ်ဖွဲ့ဝင်အသစ်တွေ ထပ်မံစုဆောင်းနေပြီး လူထုကို ရဲလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် နယ်မြေဒေသအကျယ်အဝန်းအရ အင်အားလိုအပ်ချက်များ နေတယ်လို့ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် ငွေကြေး၊ လက်နက်ခဲယမ်း၊ ရဲဝတ်တန်ဆာနဲ့ နယ်မြေစိုးမိုးမှုအတွက် ယာဉ်လိုအပ်ချက်တွေလည်း ရှိသေးကာ တော်လှန်ရေးကာလလည်း ဖြစ်တာကြောင့် နယ်မြေလွှမ်းမိုးမှု မရှိသေးတဲ့ ဒေသတွေက အမှုအခင်းတွေနဲ့ပတ်သက်လို့ ရဲလုပ်ငန်း လုပ်ဆောင်နိုင်ဖို့ အတွက်တော့ အခက်အခဲတွေ ရှိနေသေးတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
 
လက်ရှိ ကရင်နီပြည်ရဲဌာနအနေနဲ့ အလှူခံရရှိငွေအပေါ်မှာ ငါးဆယ်ရာခိုင်နှုန်း အားပြုနေရပြီး မဟာမိတ်အဖွဲ့အစည်းတွေ၊ NUG တို့ရဲ့ ပံ့ပိုးမှု၊ တသီးပုဂ္ဂလလှူဒါန်းငွေ တွေနဲ့ ရပ်တည်နေတယ်လို့ အသိပေးထားပါတယ်။
 
ဓာတ်ပုံ – KSP
ပုံစာ – လုံခြုံရေးစစ်ဆေးမှုလုပ်နေတဲ့ ကရင်နီပြည်ရဲတပ်ဖွဲ့ဝင်တချို့။