BGF ဗိုလ်နဲ့ ဇနီးဖြစ်သူကို တော်လှန်ရေးအင်အားစုတွေ ပစ်ခတ်လို့ သေဆုံး

သြဂုတ်၊ ၂၄
 
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်တဦးနဲ့ ဇနီးတို့ကို သြဂုတ်လ ၂၄ ရက်၊ မနက် ၇ နာရီကျော်ခန့်မှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်လို့ သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF ) က ထုတ်ပြန်ထားပါတယ်။
 
“ ကျွန်တော်တို့ သတင်းရလို့ သွားစောင့်ပြီး ပစ်တယ်။ တာဘောင်လမ်းပေါ့ဗျာ။ အဲဒီလမ်းမှာ တံတားတခုရှိတယ်။ ဝိုင်းပစ်တော့ လမ်းဘေး ထိုးကျသွားတယ်။ မျက်မြင်တွေ့ခဲ့တာပါဗျာ။ ပွဲချင်းပြီးဘဲ သူတို့လင်မယားနှစ်ဦးစလုံး သေသွားတယ် ” လို့ အဲဒီအဖွဲ့ စစ်ရေးတာဝန်ခံ ကိုရဲသွေးညီက DNA ကို ပြောပါတယ်။
 
ကရင်နယ်ခြားစောင့်တပ် (BGF) ဗိုလ်ဝင်းစိုးနဲ့ ဇနီး ဒေါ်ဇင်မာမျိုးတို့ဟာ အိမ်စီးကား Mark II ကားနဲ့ မောင်းနှင်လာစဉ် ကျိုက်ထိုမြို့နယ်၊ ကာ့ထင်းကျေးရွာ နဲ့ ဘိုရားကြီးကျေးရွာ ရှိ တာဘောင်တံတား အရောက်မှာ KRF နဲ့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
 
တိုက်ခိုက်ခံရမှုကြောင့် ဗိုလ်ဝင်းစိုးမှာ ဦးခေါင်းထိပ်ပွင့်ဒဏ်ရာ တချက်၊ ရင်ဘတ်နဲ့ ဒူးမှာ ကျည်ဖောက်ထွင်းဒဏ်ရာ သုံးချက်၊ ဒေါ်ဇင်မာမျိုးမှာ ဝဲနာထင်နဲ့ လက်ဖျံမှာ ကျည်ဖောက်ထွင်းဒဏ်ရာ နှစ်ချက်နဲ့ အခင်းဖြစ်ရပ်နေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် သေဆုံးသွားတဲ့သူနှစ်ဦးရဲ့ ကားပေါ်ကနေ သေနတ်နှစ်လက်၊ BGF တပ်ဖွဲ့ဝင်စိစစ်ရေးကတ်နဲ့ ဆက်စပ်ပစ္စည်း တချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
 
ဗိုလ်ဝင်းစိုးနဲ့ ဇနီးဟာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီး တရားမဝင် ကားမှောင်ခိုလုပ်ငန်း လုပ်ကိုင်နေတာ၊ သောင်နုမြေဧကတွေကို သိမ်းယူတာ၊ တက်ကြွလှုပ်ရှားသူတွေကို သတင်းပေးဖမ်းဆီးခိုင်တားနဲ့ လောင်းကစားဝိုင်း လုပ်ကိုင်တာတွေကြောင့် ပစ်ခတ်ခဲ့တာလို့လည်း ကိုရဲသွေးညီက ပြောပါတယ်။
 
“ လွန်ခဲ့တဲ့ တနှစ်လောက်က ကလေးကို တမင်သက်သက် ပစ်သတ်သွားတာလည်း ရှိတယ်။ ရွာတွေသွားရင်လည်း လက်နက်ပြပြီး ခြိမ်းခြောက်တာ ရှိတယ်။ လောင်းကစားတွေဆို မပြောနဲ့တော့ နှစ်ယောက်လုံး ” လို့ ကိုရဲသွေးညီက ဆိုပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၁ ရက်က ကျိုက်ထိုမြို့နယ်၊ အလယ်သောင်ကျေးရွာမှာ ပြုလုပ်ခဲ့တဲ့ လောင်းကစားဝိုင်းမှာဆိုရင် (BGF)ဗိုလ်ဝင်းစိုးနဲ့ ဇနီးတို့ဟာ စစ်တပ်နဲ့ ပေါင်းပြီး လောင်းကစားဝိုင်း ကျင်းပနေချိန်မှာ စစ်တပ်နဲ့ ရဲက ဝင်ရောက် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။
 
အဲဒီလိုမျိုး ဝင်ရောက်ဖမ်းဆီးချိန်မှာ လောင်းကစားပြုလုပ်နေသူတွေ တဦးတယောက်မျှ ဖမ်းဆီးခံခဲ့ရခြင်း မရှိပေမယ့် အဲဒီမှာ ကျန်ရှိနေတဲ့ ဆိုင်ကယ်မျိုးစုံ အစီး လေးဆယ်ကျော်ကို သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတဦးက ဆိုပါတယ်။
 
“ အဲဒါက သူတို့က စစ်တပ်နဲ့ ညှိပြီး လာဖမ်းခိုင်းတော့။ လူအဖမ်းမခံရတာ ကံကောင်း။ ပြေးကြတာ။ ဆိုင်ကယ်ဘယ်သူမှ ပြန်မရဘူး။ ပေါင်းစားပြီး ခွဲဝေယူကြတာပေါ့လေ။ သူတို့က ဒီလိုလုပ်စားနေတာပဲလေ ” လို့ ပြောပါတယ်။
 
ဓာတ်ပုံ – KRF