ထိုင်းဝန်ကြီးချုပ်သစ်ကို လာမယ့်သီတင်းပတ် လွှတ်တော်မှာ မဲပေးရွေးချယ်ဖို့ စီစဉ်

သြဂုတ် ၊ ၁၇

ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ Move Forward ပါတီ (MFP)က ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်နေရာ အဆိုပြုပိုင်ခွင့်အတွက် အယူခံထားတာကို ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ပယ်ချလိုက်ပြီး ဩဂုတ် ၂၂ ရက်မှာ ထိုင်းဝန်ကြီးချုပ်သစ်တဦး လွှတ်တော်မှာ အဆိုပြု ရွေးချယ်ဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။

အစောပိုင်းတုန်းက ပီတာဟာ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲခံရပြီး ရွေးကောက်ခံ အမတ်အဖြစ်ကနေ ယာယီ ဆိုင်းငံ့ ခံထားရပါတယ်။ သူဟာ လွှတ်တော်မှာ ဝန်ကြီးချုပ်လောင်းအဖြစ် တကြိမ် အဆိုပြုခဲ့ပေမယ့် ရွေးကောက်ခံ မဟုတ်တဲ့ အထက်လွှတ်တော် အမတ်အများစုဆီက ထောက်ခံမဲ မရတာကြောင့် ဝန်ကြီးချုပ် မဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ပီတာကို ရွေးကောက်ခံ အမတ်အဖြစ်ကနေ ဆိုင်းငံ့ပေးဖို့ ရွေးကောက်ပွဲ ကော်မရှင်က ခုံရုံးဆီ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၁၆ ရက်မှာတော့ ခုံရုံးက ပီတာအတွက် သူ့ရဲ့ပါတီ MFPက အယူခံ ဝင်ထားတာကို ငြင်းပယ်လိုက်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ ဒုတိယ မဲအများဆုံး ရခဲ့တဲ့ ဖျူထိုင်းပါတီ (PTP)က အဆိုတင်မယ့် ဝန်ကြီးချုပ်လောင်း ဆရက်သာ သာဗီဆင်ဟာ လွှတ်တော်မှာ မဲခွဲမှု ခံယူဖို့ လမ်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။

PTPဟာ အစောပိုင်းမှာ MFPနဲ့ ပူးပေါင်းခဲ့ပေမယ့် အခုတော့ MFPရဲ့ ပြိုင်ဘက် ကွန်ဆာဗေးတစ်တွေနဲ့ အထက်လွှတ်တော် အမတ်တွေနဲ့ မဟာမိတ် ဖွဲ့လိုက်ပြီ ဖြစ်ပါတယ်။ MFPဟာ အာဏာရလာရင် ဘုရင်စနစ်ကို အလွန်အကျွံ အကာအကွယ် ပေးထားတဲ့ အငြင်းပွားစရာ ဖွဲ့စည်းပုံ ဥပဒေ တခုကို ပြင်ဆင်စေမယ်လို့ မဲဆွယ်ခဲ့တာကြောင့် ကွန်ဆာဗေးတစ်တွေက ပီတာ ဝန်ကြီးချုပ် မဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ ဟန့်တားခဲ့ကြတာပါ။

အခုတော့ MPFဟာ အတိုက်အခံ ပါတီ အနေနဲ့သာ ရပ်တည်ရတော့မှာဖြစ်ပြီး PTPက တင်မြှောက်မယ့် ဝန်ကြီးချုပ်လောင်း ဆရက်သာကိုလည်း လွှတ်တော်ထဲမှာ ထောက်ခံမဲ ပေးတော့မှာ မဟုတ်ကြောင်း ကြေညာထားပါတယ်။ ဒီအခြေအနေကြောင့်လည်း ဆရက်သာက လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက်မျိုး စုဆောင်းရရှိပြီး သေချာပေါက် ဝန်ကြီးချုပ် ဖြစ်မယ်လို့ အာမခံချက် မရှိသေးဘဲ ဖြစ်နေပါတယ်။

ထိုင်းမှာ မတ်လ ကတည်းက အိမ်စောင့် အစိုးရက တာဝန်ယူ အုပ်ချုပ်နေတာ ဖြစ်သလို ရွေးကောက်ပွဲပြီး ၃ လကြာလာတဲ့ထိ ဝန်ကြီးချုပ်သစ် မတင်မြှောက်နိုင်သေးပါဘူး။ ထိုင်းအောက်လွှတ်တော် ဥက္ကဋ္ဌ ဝမ်မူဟာမက် နော်မာသာက ဝန်ကြီးချုပ် အသစ် ရွေးချယ်ရေးကို ဩဂုတ် ၂၂ ရက်မှာ ထပ်မံ မဲပေးမယ်လို့ ကြေညာထားပြီး PTPကတော့ ဆရက်သာဟာ လုံလောက်တဲ့ ထောက်ခံမဲ အရေအတွက် ရရှိဖို့ အကောင်းမြင် မျှော်လင့်ကြောင်း မှတ်ချက်ပေးထားပါတယ်။