ဩဂုတ်၊ ၁၆
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် လက်ခတ်တောင်တာဝါကုန်းမှာ မနေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုများပြီး လက်နက်မျိုးစုံ ၁၃လက်နဲ့ ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ ကော် ဘရာစစ်ကြောင်းက ဒီကနေ့ထုတ်ပြန်ပါတယ်။
တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ လက်ခတ်တောင်ကိုပြန်ရဖို့အတွက်စစ်ကောင်စီက မနေ့ကမနက် သုံးနာရီလောက်ကစလို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်ထိုးစစ်ဆင်ခဲ့ပြီး လက် နက်ကြီးအကြိမ်သုံးရာကျော်၊ ဂျက် ဖိုက်တာနဲ့ဗုံးကြဲမှုသုံးကြိမ်၊ရဟတ်နဲ့ ပစ်ခတ်မှု သုံးကြိမ်အထိ အသုံးပြုတိုက်ခိုက် ခဲ့တယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီးတဦး အပါအဝင် စုစုပေါင်း ၁၅ဦးသေ ဆုံး ကာတော်လှန်ရေး ပူးပေါင်းတပ်ဘက်ကတော့ လက်နက်ကြီး အလုံးအရင်းပစ်ခတ်မှုတွေကြောင့် နှစ်ဦးကျဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မနေ့က တိုက်ပွဲအတွင်းသိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားတဲ့ လက်နက်တွေထဲ ကွန်မန်ဒိုပြောင်းတလက်၊စနိုက်ပါသေနတ်တလက်နဲ့ ရိုင်ဖယ်သေနတ် ၁၁လက် ပါဝင်ပါတယ်။
ဒါ့အပြင် ကျည်မျိုးစုံ ရှစ်ထောင်နီးပါးအပါအဝင် ခဲယမ်းအများအပြားနဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကနေ့မှာတော့ လက်ခတ်တောင်ပတ်ဝန်းကျင်မှာ စစ်ရေးအခြေအနေတည်ငြိမ်နေပြီး လက်နက်ကြီးသံတချို့ ကြားရတာကလွဲလို့ ပစ်ခတ်တိုက်ခိုက်သံတွေမကြားရဘူးလို့ မြဝတီဒေသခံတဦးကပြောပါတယ်။
“ညကထိတော့ နည်းနည်းခပ်စိပ်စိပ်ကြားရသေးတယ်၊ ဒီနေ့တော့ သိပ်မကြားရတော့ဘူး၊ ဟိုဘက်ပစ်၊ ဒီဘက် ပစ်လည်း မကြားရဘူး၊ တခါတခါတော့ လက်နက်ကြီးလို ပေါက်ကွဲတဲ့ အသံတွေလောက်ပဲ ကြားရတယ်၊ သိပ် မများပါဘူး” လို့သူကပြောပါတယ်။
ဒေသတွင်းနယ်မြေစိုးမိုးရေးအတွက်စစ်ရေးဗျူဟာအရ အရေးပါတဲ့ လက်ခတ်တောင်ကုန်းစခန်းကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက် ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေက ပုံစံအမျိုးမျိုးနဲ့ စစ်ကြောင်းထိုးဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အခုလ ၁၃ ရက် အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဆယ်ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်ကြီးနှစ်ဦးအပါအဝင် စုစု ပေါင်း ၁၇ ဦး သေဆုံးခဲ့ကာ ၃၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့KNU ကမနေ့ကတိုက်ပွဲမတိုင်မီ သတင်းထုတ်ပြန် ထားပါသေးတယ်။
အဲ့ဒီလိုနေ့စဉ်နီးပါး နှစ်ဖက်ထိတွေ့မှုတွေနဲ့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာ၊ လေ ယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် အဲဒီအနီးအနားက မေတ္တာလင်းမြိုင်၊ ကျောက်လုံးကြီးအနီးတဝိုက်နဲ့ တုံးတံတားကျေးရွာကဒေသခံ ငါးရာ ထက်မနည်း ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအတွက် စားနပ်ရိက္ခာ ဆေးဝါးတွေ အရေးတကြီးလိုအပ်နေတယ်လို့ စစ်ရှောင် အရေးအကူအညီပေးနေသူတွေက DNA ကိုပြောထားပါတယ်။