စစ်ပွဲကြောင့် နာကျင်မှုတွေ ထပ်မကြုံရအောင် ဂျပန်က အစွမ်းကုန် အားထုတ်မယ်လို့ ဝန်ကြီးချုပ်ပြော

သြဂုတ်၊ ၁၆

ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက ဂျပန်ဟာ စစ်ကြောင့် ကြုံရတဲ့ နာကျင်ကြေကွဲစရာတွေ နောက်ဘယ်တော့မှ ထပ်မမြင်ရအောင် အစွမ်းကုန် အားထုတ်သွားမယ်လို့ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ်ပတ်လည် အခမ်းအနားမှာ ပြောကြားသွားခဲ့ပါတယ်။

ဒုတိယ ကမ္ဘာစစ် အပြီးကတည်းက စစ်ပွဲတွေကို ဆန့်ကျင်တဲ့ မူဝါဒမျိုး တသမတ်တည်း ဆွဲကိုင်လာတဲ့ ဂျပန်ရဲ့ ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကီရှီဒါက ဩဂုတ် ၁၅ ရက်နေ့က တိုကျိုမှာ ကျင်းပတဲ့ အခမ်းအနားမှာ မိန့်ခွန်းပြောခဲ့ပါတယ်။ အခုနှစ်အတွက် ဂျပန် ကျဆုံးစစ်သည်များ အောက်မေ့မှု အခမ်းအနားဟာ ကျင်းပချိန် ၂၃ မိနစ်လောက်သာ ကြာမြင့်ခဲ့ပါတယ်။

စစ်ပွဲကြီးထဲမှာ ဂျပန်နိုင်ငံသား ၃ သန်းကျော် အသက်ပေးခဲ့ရကြောင်း၊ တချို့ စစ်သည်တွေဟာ အမိနိုင်ငံအတွက် စိုးရိမ်တဲ့စိတ်နဲ့၊ မိသားစုတွေရဲ့ ဘဝ သာယာရေးအတွက် အနစ်နာခံချင်တဲ့စိတ်နဲ့ အသက်ပေးခဲ့ကြကြောင်း၊ တချို့ စစ်သည်တွေဟာ နိုင်ငံရပ်ခြားက မထင်မရှား ဒေသတွေမှာ လူမသိ သူမသိ ကျဆုံးခဲ့ကြကြောင်း ကီရှီဒါက ဆိုပါတယ်။

နောက်ပြီး ဟီရိုရှီးမားနဲ့ နာဂါစကီတို့ကို အနုမြူဗုံးတွေ ကြဲချတာ၊ ဂျပန်ရဲ့ မြို့ပေါင်းများစွာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခံရတာ၊ အိုကီနာဝါက ပြင်းထန်တဲ့ မြေပြင်စစ်ပွဲတွေမှာလည်း လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြောင်း၊ ဂျပန်ဟာ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေ ဘယ်တော့မှ ထပ်မကြုံရအောင် အပတ်တကုတ် အာရုံစိုက် ကြိုးစားဖို့လိုကြောင်း၊ အဲဒီ သံန္နိဋ္ဌာန်ကို လုံးဝ မပျက်ယွင်းအောင် ထိန်းသိမ်းဖို့ အရေးကြီးကြောင်း ကီရှီဒါက ပြောကြားသွားပါတယ်။

အခမ်းအနားကို ဂျပန်နိုင်ငံရဲ့ အကြီးအကဲအဖြစ် ကြီးမှူး ကျင်းပခဲ့သူ ဧကရာဇ် နာရူဟီတိုက ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍတိုင်းအတွက် နောင်တရမိကြောင်း ဆိုပါတယ်။

ဂျပန်ရဲ့ ဖက်ဆစ်တပ်တွေဟာ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ လက်အောက်ခံ သိမ်းပိုက်နယ်မြေတွေက ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ဖိနှိပ်မှုတွေ ကျူးလွန်ခဲ့ကြောင်း နာမည်ဆိုးနဲ့ သမိုင်းတွင်ခဲ့ပါတယ်။ ဒုတိယ ကမ္ဘာစစ်ဟာ ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလမှာ ဂျပန် အာဏာပိုင်တွေက တိုကျိုပင်လယ်ကွေ့မှာ ဆိုက်ကပ်ထားတဲ့ USS Missouri စစ်သင်္ဘောပေါ်မှာ စစ်ပြေငြိမ်းရေး လက်မှတ်ရေးထိုးခဲ့တဲ့နောက် တရားဝင် ပြီးဆုံးခဲ့ပါတယ်။

 

Ref: Sky