သြဂုတ်၊ ၁၃
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ သြဂုတ်လ ၁၂ ရက် မနေ့က စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) သုံးဦးကျဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတွေဆီက သိရပါတယ်။
“ မနေ့က ထိတွေ့တိုက်ပွဲဖြစ်တာ သူတို့ဖက်ကလည်း ကျတယ်ကြားတယ်။ အရေအတွက်အတိအကျတော့ မသိဘူးပေါ့နော်၊ဒီဖက်ကလည်း ရဲဘော်တွေလည်း ကျတယ်ရှင့်၊ အတိအကျသိရတာ သုံးယောက်ရှင့်၊ အထိအခိုက်က ငါးယောက်က လက်ဖြစ်သွားတဲ့သူနဲ့ ခြေထောက်ဖြစ်သွားတဲ့သူနဲ့ အဲ့လိုလည်း ရှိတယ်ရှင့် “ လို့ တော်လှန်ရေးအင်အားစုတွေနဲ့နီးစပ်တဲ့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အင်အား ၁၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ မနေ့က နေ့လယ် ၁၁ နာရီလောက်မှာ အနောက် မောင်းထောင်ရွာကနေ သခွတ္တနယ်၊ စံပြကျေးရွာ အနီးက ချောင်းဆုံရွာကို စစ်ကြောင်းထိုးစဉ် ကာကွယ်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး သုံးဦးကျဆုံးခဲ့ကာ ငါးဦးဒဏ်ရာရခဲ့တာပါ။
နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်ကလည်း အထိအခိုက်အကျအဆုံး ရှိခဲ့ပေမယ့် ဘယ်လောက်ထိခိုက်သေဆုံးတယ်၊ ဒဏ်ရာရတယ်စတဲ့ အသေးစိတ်ကိုတော့ စုံစမ်းလို့ မရသေးဘူးလို့ သိရပါတယ်။
အဲ့ဒီလို ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ်ဟာ သခွတ္တနယ်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်သွားပြီး ရွာဈေးတန်းနဲ့ နေအိမ်တွေကို နေ့လယ်ပိုင်းနဲ့ညပိုင်းတွေမှာ နှစ်ကြိမ်မီးရှို့ခဲ့ပြီး ညအိပ်တပ်စွဲခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာဒီနေ့မနက် မှာ သခွတ္တရာနယ်ကို တတိယကြိမ် မီးထပ်ရှို့ခဲ့ပြီး ညောင်ကန်ရွာဖက်ကို စစ်ကြောင်းပြန်ထိုးနေတာကြောင့် မီးလောင်ဆုံးရှုံးမှုအ သေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“ မနက်ပိုင်းကထိ သခွတ္တနယ်ထဲမှာ ခုလက်ရှိညောင်ကန်စစ်ကြောင်းထိုးနေတယ်။ညီမတို့တောင်ပြေးနေရတယ်။နယ်မြေလည်းမရှင်းလင်းနိုင်သေးဘူး ။မီးများလို့ အိမ်မီးလောင်မှုအခြေနေတော့များမယ် “ လို့နောက်ထပ်ဒေသခံအမျိုးသမီးတဦးကဆိုပါတယ်။
လက်ရှိမှာ ညောင်ကန်ရွာကိုစစ်ကြောင်းထိုးနေတာကြောင့် ညောင်ကန်၊သခွတ္တနယ်၊ဖိုကုန်း၊ဂွေးပင်ကုန်း၊ရွာသာ၊ဖြောင့်ဆိပ် အပါအဝင် အနီးအနားကျေးရွာတွေက ဒေသခံထောင်နဲ့ ချီစစ်ရှောင်နေရတယ်လို့သိရပါတယ်။
ဓာတ်ပုံ – Myanmar Defence Force
ပုံစာ-စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှာ စစ်ကောင်စီတပ်နဲ့ သြဂုတ်လ ၁၂ ရက် မနေ့က တိုက်ပွဲအတွင်းကျဆုံးသွားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) သားသုံးဦးအနက် တဦးအား တွေ့ရစဉ်။