သြဂုတ် ၊ ၁၀
ရုရှားအတွက် သူလျှိုအဖြစ် အလုပ်လုပ်ပေးနေပြီး အမျိုးသမီးတွေချည်း စုစည်းထားတဲ့ ကွန်ရက်တခုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်လို့ ယူကရိန်း တန်ပြန် ထောက်လှမ်းရေး အရာရှိတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ဒွန်းညက်စ်ခ် ဒေသမှာ ဖြန့်ကျက် လှုပ်ရှားနေတဲ့ အဲဒီ အဖွဲ့ဟာ သူတို့ စုံစမ်းရရှိတဲ့ အချက်အလက်တွေကို ရုရှားရဲ့ အဓိက ထောက်လှမ်းရေး အေဂျင်စီဖြစ်တဲ့ FSBကိုရော၊ ယူကရိန်းမှာ စစ်ဆင်ရေးတွေ ပါဝင်ဆင်နွှဲခဲ့တဲ့ ရုရှား ကြေးစားတပ် Wagnerဆီကိုပါ ပို့ဆောင်ခဲ့တယ်လို့ စုံစမ်း အတည်ပြုနိုင်ကြောင်း ယူကရိန်း ထောက်လှမ်းရေးဌာန SBUက ကြေညာပါတယ်။
ရုရှားဟာ အဲဒီ အမျိုးသမီး စပိုင်ကွန်ရက်ကို မနှစ်တုန်းက ကျူးကျော်စစ်ပွဲ မစခင် ကတည်းက ကြိုတင်လူစုပြီး ဖြန့်ကျက်ထားခဲ့တာဖြစ်ကြောင်း SBUက ဆိုပါတယ်။ ဖမ်းဆီးရမိထားတဲ့ အမျိုးသမီးတွေ ဘယ်သူဘယ်ဝါလဲ ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။
အမျိုးသမီး ၃ ဦးကို ဒွန်းညက်စ်ခ်မှာရှိတဲ့ ပေါ့ခ်ရော့ဗ်စ်မြို့မှာ ဖမ်းဆီး ရမိခဲ့ပြီး စတုတ္ထမြောက် တဦးကတော့ ရုရှားကို တိမ်းရှောင်သွားလို့ လက်လွတ်သွားကြောင်း SBUက ဆိုပါတယ်။ အဲဒီအမျိုးသမီးတွေဟာ ဒေသတွင်းမှာ ယူကရိန်းတပ်တွေ လှုပ်ရှားမှု၊ စစ်သည်ဦးရေနဲ့ စစ်လက်နက်အင်အား၊ သံချပ်ကာယာဉ်တွေ၊ တင့်ကားတွေ ဦးတည်တဲ့ နေရာ စတာတွေကို မှတ်သားပြီး ထောက်လှမ်းဖို့ မလွယ်တဲ့ appတွေကနေတဆင့် ရုရှား အာဏာပိုင်တွေဆီ ပို့ဆောင်လေ့ ရှိတယ်လို့ သိရပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို လုပ်ကြံဖို့ ရုရှားကို အကူအညီပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသမီး တဦးကို SBUက ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအကြာမှာ အခုကိစ္စ ထပ်မံ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်နှစ်ခု ဆက်စပ်မှု ရှိသလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ သမ္မတ ဇီလန်စကီးက ယူကရိန်းဟာ ပြည်တွင်းမှာ ခြေရှုပ်နေတဲ့ အတွင်းရန်သူ စပိုင်တွေရဲ့ ဒုက္ခပေးမှုကို ခက်ခက်ခဲခဲ ကိုင်တွယ်နေရကြောင်း ဝန်ခံထားပါတယ်။