သြဂုတ်၊ ၇
နှစ်နိုင်ငံ ပိုင်နက် အငြင်းပွားနေရာ ရေပြင်မှာ တရုတ် သင်္ဘော တစီးက ဖိလစ်ပိုင် ရေယာဉ် တစီးကို လမ်းပိတ်ပြီး မီးသတ်ပိုက်တွေနဲ့ လှမ်းထိုးခဲ့တဲ့ ဖြစ်စဉ်အပေါ် ဖိလစ်ပိုင်က အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
တရုတ် ကမ်းခြေစောင့်တပ်ရဲ့ ရေယာဉ်တစီးဟာ ဖိလစ်ပိုင် ရေတပ်ရဲ့ စစ်သည်တွေ၊ စားနပ်ရိက္ခာတွေနဲ့ သောက်ရေတွေ ပို့ဆောင်ပေးတဲ့ ထောက်ပံ့ရေး သင်္ဘောတစီးကို တောင်တရုတ် ပင်လယ် ရေပြင်မှာ နှောင့်ယှက်ခဲ့တာပါ။ တရုတ် ရေယာဉ်ရဲ့ လုပ်ရပ်ဟာ လွန်ကဲပြီး စော်ကားမော်ကား ဖြစ်လွန်းတယ်လို့ ဖိလစ်ပိုင်က စွပ်စွဲပါတယ်။
ထောက်ပံ့ရေး ရေယာဉ်ဟာ ဖိလစ်ပိုင် ထိန်းချုပ်ထားရာ သောင်ကျွန်းတခုမှာ လူသူနဲ့ ရိက္ခာ ဖြည့်တင်းပေးဖို့ သွားရောက်ရင်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ် ကမ်းခြေစောင့် သင်္ဘောနဲ့ ငြိခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်ဧရိယာ တခုလုံးနီးပါးကို ပိုင်နက်အဖြစ် သိမ်းသွင်း သတ်မှတ်လိုတာကြောင့် ဒေသတွင်း နိုင်ငံတွေဖြစ်တဲ့ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်နေပါတယ်။
အထူးသဖြင့် တောင်တရုတ် ပင်လယ်ထဲမှာ တရုတ်နဲ့ ဗီယက်နမ်၊ တရုတ်နဲ့ ဖိလစ်ပိုင် ရေယာဉ်တွေ ထိပ်တိုက် ပဋိပက္ခ ဖြစ်စဉ်တွေ ပေါ်ပေါက်လေ့ ရှိပါတယ်။
အမေရိကန်ဟာ တရုတ်ရဲ့ တောင်တရုတ်ပင်လယ် ကြီးစိုးရေး ရည်မှန်းချက်တွေကို ငြင်းပယ်ပြီး နိုင်ငံတကာ ရေကြောင်းသွားလာမှု လမ်းကြောင်းတခု အဖြစ်သာ သတ်မှတ်ထားသလို ဖိလစ်ပိုင်ကိုလည်း ထောက်ခံ ရပ်တည်နေတာကြောင့် တောင်တရုတ်ပင်လယ် ကိစ္စဟာ အမေရိကန်-တရုတ် သွယ်ဝိုက် အားပြိုင်မှု အသွင်ကိုလည်း ဆောင်လာပါတယ်။
အခု နောက်ဆုံး ဖြစ်စဉ်မှာတော့ ဖိလစ်ပိုင်က ထိန်းချုပ်ထားပေမယ့် တရုတ်က သူတို့ပိုင်နက် နယ်မြေအဖြစ် ကြေညာထားတဲ့ သောင်ကျွန်းဆီ ဖိလစ်ပိုင်ရေယာဉ် ချဉ်းကပ်လို့ မရအောင် ရေအားပြင်းတဲ့ မီးသတ်ပိုက်တွေနဲ့ ထိုးပြီး နှောင့်ယှက်ခဲ့တာလို့ ဖိလစ်ပိုင်က စွပ်စွဲထားပါတယ်။
အမေရိကန်က အခုကိစ္စမှာ ဖိလစ်ပိုင်ဖက်က ချက်ချင်း ရပ်တည်ပြီး တရုတ် ရေတပ်နဲ့ ကမ်းခြေစောင့်တပ် ရေယာဉ်တွေ အနေနဲ့ တောင်တရုတ်ပင်လယ် အပါအဝင် နိုင်ငံတကာ ပိုင်နက်ရေပြင်တွေမှာ လက်နက်ကိုင် ပဋိပက္ခ စတင်လာနိုင်တဲ့ အပြုအမူတွေကနေ ရှောင်ရှားသင့်ကြောင်း သတိပေးခဲ့ပါတယ်။
တောင်တရုတ် ပင်လယ်မှာ အမေရိကန်ရဲ့ စစ်သင်္ဘောတွေလည်း ကင်းလှည့် ခုတ်မောင်းလေ့ရှိပြီး တရုတ်အတွက် ဒေါသထွက်စရာ ဖြစ်စေခဲ့ပါတယ်။ တရုတ်က အမေရိကန်ဟာ ဒေသတွင်း ပြဿနာတွေကို ဝင်စွက်ဖက် မွှေနှောက်တာမျိုး မလုပ်ဘဲ တောင်တရုတ်ပင်လယ်နဲ့ ဝေးဝေးနေသင့်တယ်လို့လည်း တုံ့ပြန်ထားဖူးပါတယ်။
Ref: CNA