ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုင်စွဲပြီး စစ်အုပ်စုကို ဆက်လက်တော်လှန်သွားမယ်လို့ တော်လှန်ရေး အင်အားစုတွေပြော

ဇူလိုင်၊ ၇
 
အာဏာသိမ်းထားတဲ့ စစ်အုပ်စုကို ဆဲဗင်းဂျူလိုင်စိတ်ဓာတ် ကိုင်စွဲပြီး ဆက်လက်တော်လှန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ဒီကနေ့ ဆဲဗင်းဇူလိုင် နှစ်ပတ်လည်နေ့မှာ ပြောပါတယ်။
 
“ ဆဲဗင်းဂျူလိုင်စိတ်ဓာတ် အဓမ္မမှုကို လက်မခံတဲ့ သမဂ္ဂစိတ်ဓာတ်ကို ကိုင်စွဲပြီး ကျောင်းသားထုတရပ်လုံးနဲ့ ပြည်သူလူထုတရပ်လုံးက စစ်အုပ်စုအပါအဝင် စစ်အာဏာရှင်စနစ်ကို ကျွန်တော်တို့ရဲ့ခေတ်မှာ အပြီးတိုင်ချေမှုန်း တိုက်ခိုက်ကြပြီး နွေဦးတော်လှန်ရေးအောင်ပွဲဆီကို အရောက်ချီတက်ကြဖို့ တိုက်တွန်းချင်ပါတယ် ” လို့ မုံရွာခရိုင် PDF အမှတ် (၅)တပ်ရင်း A.S.F က တာဝန်ခံ သခင်ဇင်က DNA ကို ပြောပါတယ်။
သခင်ဇင်ဟာ မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူးဟောင်း တဦးလည်း ဖြစ်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးဟာ စစ်အုပ်စု၊ စစ်အစိုးရနဲ့ စစ်ဗျူရိုကရက်ယန္တရားဆိုတဲ့ စစ်သုံးစစ်ကို အမြစ်ပြတ် ချေမှုန်းတိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုဆီကို သွားမယ့် တော်လှန်ရေးဖြစ်တယ်လို့ သူကပြောပါတယ်။
 
ဒီကနေ့ ဇူလိုင် ၇ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ မြန်မာနိုင်ငံတဝန်းမှာ ကျင်းပပြုလုပ်ခဲ့ကြသလို တိုင်းရင်းသားလက်နက်ကိုင်တွေ အခြေစိုက်ရာ ဒေသတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အခြေစိုက်နေရာတွေမှာလည်း ပြုလုပ်ခဲ့ကြပါတယ်။
 
“ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ဆိုတာ စစ်အာဏာရှင်စနစ်ကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဆန့်ကျင်တော်လှန်တဲ့စိတ်လို့ ကျွန်တော်နားလည်တယ်၊ အခုအချိန်မှာလည်း အာဏာသိမ်းစစ်တပ်ကို တနိုင်ငံလုံးက ဆန့်ကျင်တော်လှန် တိုက်ခိုက်နေကြတဲ့ အချိန်အခါကောင်းဖြစ်တယ် ” လို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် တကသ ကျောင်းသားဟောင်းတဦး ဖြစ်သလို လက်ရှိမှာ စစ်ကောင်စီကို ခုခံတိုက်ခိုက်နေတဲ့ 96 Soldiers – PDF (အညာဒေသတပ်ခွဲ) က ကိုဇေယျာလွင်က ပြောပါတယ်။
 
“ ကျောင်းသားနဲ့ စစ်အာဏာရှင်ဆိုတာက အမြဲတမ်း ထိပ်တိုက်တွေ့နေကြတွေပေါ့၊ အခု နွေဦးတော်လှန်ရေး ကာလမှာလည်း စစ်အုပ်စုက ကျောင်းသားတွေကို ပိုပြီးတော့ ဖိနှိပ်တယ် ဖမ်းဆီးတယ်၊ ဘယ်လောက်ပဲ ဖိနှိပ်မှုတွေ ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိနေပါစေ စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက်ဆိုရင် ကျွန်တော်တို့ ကျောင်းသားတွေက ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ ရှေ့တန်းကနေ မားမားမတ်မတ်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်နေမှာပါ ” လို့ မုံရွာ စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ နဲ့ မုံရွာပင်မသပိတ်ကော်မတီဝင် ကိုရှင်းသန့် ကလည်း ပြောပါတယ်။
 
၁၉၆၂ ခုနှစ် ဆဲဗင်းဂျူလိုင် အရေးအခင်းဟာ စစ်တပ်ရဲ့အာဏာသိမ်းမှုကြောင့် ကျောင်းသားတွေက မတရားမှုကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ခဲ့ကြတာဖြစ်ပြီး အဲဒီလို အာဏာသိမ်းမှုဟာ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို စတင်အမြစ်တွယ်စေခဲ့တာ ဖြစ်တယ်လို့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဟောင်း ကိုနန်းလင်း က ဆိုပါတယ်။
 
“ ကျွန်တော်တို့ ကျောင်းသားမျိုးဆက်တွေ၊ လူငယ်မျိုးဆက်သစ်တွေဟာ ဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်ရမယ်၊ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မှာ အပြီးတိုင် ချုပ်ငြိမ်းရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ နည်းလမ်းပေါင်းစုံ ပုံစံမျိုးစုံနဲ့ ဒီနေ့လိုအချိန်မှာ တိုက်ပွဲဝင်နေကြတာ တွေ့ကြရမှာပါ၊ သမဂ္ဂအဆောက်အဦနဲ့ သမဂ္ဂကို ဖျက်ဆီးဖို့ကြိုးစားကြတဲ့ အာဏာရှင်တွေသာ သမိုင်းနိဂုံး မလှ ဖြစ်သွားကြပေမယ့် ကျွန်တော်တို့ ကျောင်းသားမျိုးဆက် လူငယ်မျိုးဆက်တွေကတော့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ် မပျောက်မကွယ်မချင်း အမြစ်မပြတ်မချင်း ဆက်လက်ပြီး တိုက်ပွဲဝင်သွားကြမှာပါ ” လို့ သူကပြောပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ကျောင်းသားလူငယ်တွေရဲ့အခန်းကဏ္ဍနဲ့ ပါဝင်မှုဟာ အလွန်အင်အားကြီးမားသလို မပြီးမြောက်ခဲ့သေးတဲ့ အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတော်ပုံကြီးကို ဆက်လက်ဆင်နွှဲနေကြရဆဲ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
“ ကျောင်းသားထုကတော့ ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်တွေရဲ့ အပြင်းထန်ဆုံး ဖိနှိပ်ခံရသူတွေထဲမှာ ထိပ်ဆုံးက ပါခဲ့တယ်၊ လက်ရှိ စစ်အာဏာသိမ်းထားချိန် ကာလမှာလည်း ကျောင်းသားထုဟာ အပြင်းထန်ဆုံး ဖိနှိပ်ခံနေရဆဲ ဖြစ်ပါတယ် ” လို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ (BEGSC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးကျော်ရဲလွင်က ပြောပါတယ်။
 
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က အတည်ပြုကောက်ယူထားတဲ့ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း ကျောင်းသားလူငယ် ၁၄၀ နီးပါးဟာ ထောင်ဒဏ်တွေ ချမှတ်ခံထားရသလို ကိုးဦးကတော့ သေဒဏ်တွေ ချမှတ်ခံထားကြရပါတယ်။
 
“ လက်ရှိ ကျောင်းသားလူငယ်ထုဟာ စစ်ကောင်စီရဲ့ဖမ်းဆီးနှိပ်စက်မှုဒဏ်တွေကို အပြင်းထန်ဆုံး ခံနေရပေမယ့်လည်း သူတို့ရဲ့ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုတော့ လက်လွှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူး၊ အဲဒီစိတ်ဓာတ်အတိုင်း သူတို့ရဲ့ မူဝါဒတွေအတိုင်းပဲ ဆက်လက်တော်လှန်သွားကြလိမ့်မယ်လို့ ယုံကြည်တယ် ” လို့ ဦးကျော်ရဲလွင်က ပြောပါတယ်။
 
ဓာတ်ပုံ – DMSC