ဇူလိုင်၊ ၆
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်အုပ်စုက တရားစွဲဆို ထောင်ချထားတဲ့ အမှုအတွက် အယူခံကို ဒီလ ၁၂ ရက်နေ့မှာ နှစ်ဖက်ကြားနာဖို့ ရှိတယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ အမှုခေါ် စာရင်းတွေအရ သိရပါတယ်။
“ သူ့ကို စွဲဆိုထောင်ချထားတာက တမှုပဲ ရှိပါတယ်၊ တိုင်းက အယူခံပယ်လိုက်တော့ ပြည်ထောင်စုကို ဆက်တက်တာပါ၊ တိုင်းမှာ အယူခံတက်တော့ မအောင်မြင်ဘူး၊ နေပြည်တော်ရောက်တော့ ပြင်ဆင်မှု ဖြစ်သွားတာပေါ့၊ အောက်ရုံးရဲ့ အမိန့်တွေကို ပြင်ဆင်ပေးဖို့အတွက် အဲ့ဒီနေ့မှာ ပြောကြမှာပေါ့ ” လို့ တရားရေးနဲ့ နီးစပ်သူတဦးက ရှင်းပြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက် ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်အုပ်စုက ၂၀၂၂ ခုနှစ် ဧပြီလအတွင်းမှာ မန္တလေးမြို့က တရားရုံးတခုကအပြန် ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက်သူ့ကို PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥ ပဒေပုဒ်မ ၅၀ (ည) နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၁၅ နှစ်ချလိုက်တာပါ။
ဒေါ်ရွက်နုအောင်ဟာ မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး အဖွဲ့ဝင်တဦးလည်း ဖြစ်သလို NLD ဗဟိုကော်မတီဝင် ဒေါက်တာဇော်မြင့်မောင် အပါအဝင် အခြား မန္တလေးတိုင်းအစိုးရ ဝန်ကြီးတွေရဲ့အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် နေပြည်တော်က နာမည်ကျော် ဗစ်တိုးရီယား အမှုအတွက်လည်း နစ်နာသူဖက်က ရှေ့နေ လိုက်ပါဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ – Google