ထားဝယ်၊ ကံပေါက်ဒေသမှာ နှစ်ရက်ကြာပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်ကို သေဆုံးလျက် ပြန်တွေ့

ဇူလိုင် ၊ ၆

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ကံပေါက်ဒေသ၊ သဲချောင်းရွာမှာ နှစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်တဦးကို ဒီကနေ့ ဇူလိုင်လ ၆ ရက်၊ မနက် ၁၀ နာရီလောက်က သေဆုံးလျက် ပြန်တွေ့တယ်လို့ မိသားစုဝင်တွေထံကနေ သိရပါတယ်။

“အလောင်းပဲပြန်တွေ့တယ်၊ လယ်ကွက်နားက ရေအိုင်ထဲမှာ တွေ့တာ၊ အခုတော့ ဆေးရုံက ယူလာပြီး မြေမြှုပ်လိုက်ပြီ”လို့ ကလေးငယ်ရဲ့ မိခင်ဖြစ်သူက DNA ကို ပြောပါတယ်။

သေဆုံးသွားတဲ့ ကလေးငယ်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့ နေလယ်ပိုင်းက နေအိမ်မှာ တယောက်တည်း ထားခဲ့ပြီး မိခင်ဖြစ်သူက နွားကျောင်းသွားခဲ့တာပါ။

နွားကျောင်းရာကနေအပြန် သမီးဖြစ်သူကို နေအိမ်မှာ မတွေ့တော့တာကြောင့် ရွာခံတွေကို အကူအညီတောင်းပြီး လိုက်ရှာခဲ့ရာကနေ ရွာအပြင် လယ်ကွက်အနီးက ရေအိုင်ထဲမှာ အခုလို သေဆုံးနေတာကို တွေ့ရှိခဲ့တာပါ။

“သူ့ကို ထားခဲ့ပြီး ကျွန်မက နွားသွားကျောင်းနေတာ၊ အဲဒါ ကျမနောက်ကို လိုက်လာတာဖြစ်မယ်။ သူလိုက်လာတာနဲ့ ကျွန်မပြန်လာတာနဲ့လည်း မဆုံဘဲဖြစ်သွားတာ၊ ဆုံးတာကတော့ ရေနစ်ပြီးပဲ ဆုံးသွားတာ” လို့ မိခင်ဖြစ်သူက ပြောပါတယ်။

ကလေးငယ်ရဲ့ ရုပ်အလောင်းကိုတော့ ကံပေါက်ဆေးရုံကနေ ပြန်ယူလာပြီး ဒီကနေ့ နေ့လယ် တနာရီကျော်လောက်မှာပဲ မြေမြှုပ်သင်္ဂြုဟ်လိုက်ပြီလို့ သိရပါတယ်။