ဇူလိုင်၊ ၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်နဲ့စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်နယ်စပ်က ပျူစောထီးကျေးရွာတွေဟာ အနီးဝန်းကျင်ကကျေးရွာတွေ၊ မြို့တွေနဲ့အဆက်အသွယ်ပြတ်တာ နှစ်လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပြီဖြစ်တဲ့အတွက် ဆား၊ငါးပိ၊အချိုမုန့်အပါအဝင် စားသောက်ကုန်ပစ္စည်းတွေနဲ့အခြားပစ္စည်းတွေပြတ်လပ်တာ၊ စျေးနူန်းအဆမတန်ကြီးမြင့်တာတွေဖြစ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” သူတို့ရွာတွေမှာ ဓာတ်ဆီတလီတာတဗူးကို တသောင်းခွဲ၊ ဆားတပိသာ ရှစ်ထောင့်ငါးရာဖြစ်နေပြီ။ ဆီတို့၊ဆန်တို့တော့ တောင်သူတွေဆိုတော့ရှိကြတယ်။ ထူးစျေးမတက်ဘူး” လို့ ပျူစောထီးကျေးရွာတွေနဲအနီးစပ်တဲ့ဒေသခံတဦးကပြောပါတယ်။
ပျူစောထီးကျေးရွာတွေထဲက အချို့ကျေးရွာတွေမှာတော့ ဓာတ်ဆီတလီတာကို နှစ်သောင်းအထိပေးရတယ်လို့လည်းဆိုပါတယ်။
ဂန့်ဂေါ – ကလေးနယ်စပ် ဂန့်ဂေါမြို့နယ်ထဲက အနောက်တောလေးရွာ၊ လယ်ကြီး၊မန်ဒါ၊ မြောက်ခင်ရန်း၊ကုက္ကား၊ဟံသာဝတီနဲ့ ကလေးမြို့နယ်ထဲက ကြံသာ၊ကျောက်ပြုတ် ရွာတွေဟာ ပျူစောထီးကျေးရွာတွေဖြစ်ပြီး ဂန့်ဂေါမြို့၊ ကလေးမြို့တို့မှာ အဆက်အသွယ်ပြတ်နေသလိူ သူတို့အနီးဝန်းကျင်ကျေးရွာတွေနဲ့ပါအဆက်အသွယ်ပြတ်နေတာဖြစ်ပါတယ်။
“အဆက်အသွယ်ပြတ်တဲ့အကြောင်းက မျိုးစုံပ။ အရင်ကတည်းက တခြားရွာတွေက ပျူရွာတွေကို လူမူရေးအဆက်အဆံမလုပ်ဘူး။ သူတို့ရွာက ပျူစောထီးခေါင်းဆောင်တွေကလည်း ရွာသူရွာသားတွေကို ရွာပြင်ဝေးဝေးမသွားဖို့ကန့်သတ်ထားတယ်။ နောက်ပိုင်း ကာကွယ်ရေးဘက်က နယ်မြေစိုးမိုးမူက တော်တော်အားကောင်းလာတော့ ပျူတွေလမ်းပိတ်သွားတာ” လို့ကလေးနယ်တောင်ပိုင်းဒေသခံတဦးကပြောပါတယ်။
ကုန်ပစ္စည်းတွေမရောက်နိုင်တော့တာ နှစ်လကျော်ကြာမြင့်တဲ့ ပျူစောထီးကျေးရွာတွေမှာ ဆန်နဲ့ဆီစျေးမတက်ပေမယ့် လက်လုပ်လက်စားလုပ်ကိုင်စားသောက်ရသူတွေကတော့ အင်မတန်ခက်ခဲနေတယ်လို့ ပျုစောထီးကျေးရွာမှာ ဆွေမျိုးရှိတဲ့ဒေသခံတဦးကပြောပါတယ်။
” ငပိတ်ပြတ်၊အချိုမှုန့်ပြတ်။ ဆီကစျေးမတက်ပေမယ့် တပုံးကိုတသိန်းနှစ်သောင်းသုံးသောင်းလေ။ အလုပ်မရှိဝယ်မစားနိုင်တော့ ရေလုံပြုတ်စားနေရတယ်ပြောတယ်။ နီးစပ်ရာရှိတဲ့သူဆီ ဆီချေးငှားစားဖို့ပြောပေးလိုက်ရတယ်” လို့သူကပြောပါတယ်။
ဂန့်ဂေါ – ကလေး နယ်စပ်က ပျူစောထီးကျေးရွာတွေကအရပ်သားတွေဟာ ပျူစောထီးခေါင်းဆောင်တွေရဲ့ ငွေကြေးကောက်ခံမူ၊ အဓမ္မခိုင်းစေမူတွေကြောင့် အနီးဝန်းကျင်က ဒေသခံကာကွယ်ရေးတပ်စိုးမိုးနယ်မြေတွေကို ထွက်ပြေးလာတာတွေ ရှိတယ်လို့ ဂန့်ဂေါခရိုင်ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
” တယောက်စ၊နှစ်ယောက်စ ထွက်ပြေးလာကြတာပဲ။ တချို့လည်း ကိုယ့်ရွာက ပိုင်ဆိုင်မူသံယောဇဉ်တွယ်ပြီးပေနေကြတာ။ နေချင်လွန်းလှလို့တော့မဟုတ်ဘူး။ ကျနော့အထင် ဒီပုံစံအတိုင်း ကြာကြာမခံနိုင်လောက်ဘူး” လို့ သူကပြောပါတယ်။
ဂန့်ဂေါ- ကလေးနယ်စပ်က ပျူစောထီးကျေးရွာတွေမှာ ရဲစခန်းရှိတဲ့ဟံသာဝတီရွာမှာ စစ်ကောင်စီတပ်ကအင်အားအများဆုံးတပ်စွဲထားတာဖြစ်ပြီး ခုတပတ်အတွင်းမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ရိက္ခာအချို့လာချပေးတယ်လို့သိရပါတယ်။
” အဲ့ရိက္ခာတွေက စစ်သားတွေနဲ့ ပျူစောထီးခေါင်းဆောင်အချို့ပဲရမှာပါ။ ကြံကြံဖန်ဖန် ရွာသူရွာသားတွေထားလို့ ပျူအဖွဲ့ဝင်တဝက်တောင်လောက်ငှမှာအဟုတ်ဘူး” လို့ဒေသခံတဦးကပြောပါတယ်။