ရေးမြို့မှာ မွန်ပြည်သစ်ပါတီက အရာခံဗိုလ်ဟောင်းတဦး ပစ်ခတ်ခံရ

ဇွန်၊ ၂၈
 
မွန်ပြည်နယ်၊ ရေးမြို့နယ် ကလော့ကြီးကျေးရွာမှာ ဇွန်လ ၂၈ ရက် ဒီကနေ့ နံနက်အစောပိုင်းက မွန်ပြည်သစ်ပါတီ (NMSP)မှ အနားယူထားတဲ့ အရာခံဗိုလ်တဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
 
“ သူ့ခြံထဲမှာပဲ မနက်အစောကြီးမှာ ဝင်ပစ်တာ၊ လက်လုပ်တူမီးသေနတ်နဲ့ ပစ်ခံရတာပါ။ နှစ်ချက်သုံးချက် ပစ်ခံရတယ်လို့ သိရတယ် ” ဒေသခံတဦးက DNA ကို ပြောပါတယ်။
 
သေနတ်ပစ်ခတ်ခံရသူဟာ မွန်ပြည်သစ်ပါတီ (NMSP)က အနားယူထားတဲ့ ဆက်သွယ်ရေးတပ် အရာခံ ဗိုလ်အဆင့်ရှိသူ နိုင်ပလော်စိုက် ဖြစ်ပြီး ဒီကနေ့ နံနက် ၄ နာရီခွဲခန့်မှာ ကလော့ကြီးကျေးရွာက သူနေထိုင်တဲ့ ခြံထဲကို အမည်မသိလူနှစ်ဦးက ဝင်ရောက်လာပြီး လက်လုပ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
 
အဲဒီလိုပစ်ခတ်ခံရတဲ့အတွက် နိုင်ပလော်စိုက်ဟာ ဝဲဘက်ရင်ဘတ် ညှပ်ရိုးအနီးမှာ ကျည်ထိမှန်ဒဏ်ရာ နှစ်ချက်ရရှိပြီး နယ်မြေခံ လူမှုကူညီရေးအသင်း ကားတွေကနေတဆင့် မော်လမြိုင်ဆေးရုံကြီးမှာ ဆေးကုမှု ခံယူနေရပေမယ့် အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သိရပါတယ်။
 
“ သူက မွန်ပြည်သစ်ကနေ နားထားတာ၊ ငါးနှစ်ဝန်းကျင်လောက်ရှိပြီး၊ အခု ပစ်ခံရတာ ဘာကြောင့်တော့ မသိဘူး၊ ဒီလူက လူအေးတစ်ယောက်ပါ၊ အသောက်အစားတော့ ရှိတယ်၊ အေးပါတယ်၊ မှားယွင်းပစ်ခတ်ခံရတာလို့ သိထားတယ်၊ သေချာတော့ မပြောနိုင်သေးဘူးပေါ့နော် ” လို့ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ မွန်ပြည်သစ်ပါတီမှ အရာရှိတဦးက DNA ကို ပြောပါတယ်။
 
နိုင်ပလော်စိုက် ပစ်ခတ်ခံရတဲ့ ကျေးရွာမှာလည်း ဒီကနေ့ နံနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စစ်ကောင်စီ လက်အောက်ခံ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ကင်းလှည့်စစ်ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်း၊ JOC က ထုတ်ပြန်ထားပါတယ်။
 
ဒါပေမယ့် မွန်ပြည်သစ်ပါတီ (NMSP)ကနေ အနားယူထားတဲ့ ဆက်သွယ်ရေးတပ် အရာခံ ဗိုလ်အဆင့်ရှိသူ နိုင်ပလော်စိုက် ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပတ်သက်ဆက်နွယ်မှု မရှိဘူးလို့ ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်း၊ JOC တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။
 
“ အဲဒီဟာမျိုးက ကျွန်တော်တို့နဲ့ ဆက်စပ်မှုမရှိလောက်ဘူး၊ မရှိပါဘူး၊ ကျွန်တော်တို့က စစ်ရေးပဲ လှုပ်ရှားနေတာပါ၊ အဲဒါက သေချာတယ်၊ ကျွန်တော်တို့နဲ့ ပက်သက်ဆက်နွယ်မှု မရှိပါဘူး ” လို့ ပြောပါတယ်။
 
ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ်-၃၊ တောင်ပိုင်းတိုင်း၊ JOC မှာဆိုရင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ဖွဲ့တွေနဲ့ နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ကို ခုခံတော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။
 
ဓာတ်ပုံ​ – INMA
ပုံစာ – (၁၀၄)ကြိမ်မြောက် အခြေခံစစ်သင်တန်းဆင်းပွဲအခမ်းအနား (မွန်ပြည်သစ်ပါတီ)။