ဇွန်၊ ၁၅
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာက အသက်ကြီးပိုင်း အမျိုးသားတဦး စစ်ရှောင်ရင်းနဲ့ ဇွန်လ ၁၄ ရက်ည ၁၀ နာရီလောက်က အမောဖောက်ပြီး သေဆုံးသွားတယ်လို့ ရွာခံတွေက ပြောပါတယ်။
အသက် ၈၂ နှစ်ခန့် ရှိပြီဖြစ်တဲ့ ဦးဖေသန်း ဆိုသူ အမျိုးသားဟာ အဲနေ့ညနေပိုင်းကမှ နေအိမ်ကနေ ထွက်ခွာလာခဲ့ပြီး ဘုန်းကြီးကျောင်းမှာ ခိုလှုံနေစဥ် ရုတ်တရက် အမောဖောက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
” နေမကောင်းဖြစ်တာနဲ့ ဆေးကုဖို့လည်း ဆရာမ မရှိဘူး၊ တရွာလုံးနီးပါး ရှောင်နေကြတာ။ အဲ့ဘုန်းကြီးကျောင်းမှာတောင် အသက်ကြီးပိုင်း ၅ ယောက်လောက်ပဲ ရှိတယ်၊ ကျန်တဲ့သူက အခြားရွာ ပြေးကုန်ကြပြီ ” လို့ ဝဲရစ်ရွာခံတဦးက DNA ကို ပြောပါတယ်။
ဦးဖေသန်းဟာ အရင်က ပန်းနာရင်ကြပ်တာ တခါတလေ ဖြစ်တတ်ပေမယ့် ကျန်းကျန်းမာမာပဲ ရှိတယ်လို့လည်း သိရပါတယ်။
” အရင်ကတော့ ကျန်းကျန်းမာမာပဲ၊ အပြင်တွေ ဘာတွေတော့ ဘယ်မှမသွားတော့ဘူး။ စစ်ရှောင်ဖို့ ပြေးကြတော့ သူ့ကို ထားခဲ့ပြီး သွားကြဖို့ ပြောသေးတယ်၊ အိမ်ကနေ ဘုန်းကြီးကျောင်းကို ပြောင်းနေဖို့ကိုတောင် သူ့သားတွေ တော်တော် ပြောလိုက်ရတယ် ” လို့ ဦးဖေသန်းမိသားစုနဲ့ နီးစပ်တဲ့ အမျိုးသမီးတဦးက DNA ကို ပြောပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ ဒီကနေ့ ဇွန်လ ၁၅ ရက်နေ့လယ် ၁၂ နာရီလောက်မှာ အနီးအနား ပုန်းခိုနေတဲ့ ရွာခံ ၁၀ လောက်က သုဿန်ကို လိုက်ပါပို့ဆောင်ပြီး မြေမြှုပ်သင်္ဂြိုဟ်လိုက်ပြီလို့လည်း ဆိုပါတယ်။
ဝဲရစ်ရွာနဲ့ အနီးအနားတဝိုက်ကို ဇွန်လ ၈ ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၅၀ ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့ပစ်ခတ်မှုတွေ ရှိနေပါတယ်။
အဲဒါကြောင့် ထားဝယ်-မြိတ် ကားလမ်းမပေါ်နဲ့ အနီးတဝိုက်ရွာတွေဖြစ်တဲ့ ဝဲရစ်၊ ရငဲ၊ ကမြိုင်၊ သိမ်ကုန်း၊ ကျောက်ခမောက်၊ ကျွဲမင်းကုန်း၊ မင်းဒပ်၊ ကနက်သီရိ စတဲ့ကျေးရွာတွေက ဒေသခံ တသောင်းကျော် ဘေးလွတ်ရာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။
” မနေ့က ညနေပိုင်းမှာတော့ ပစ်ခတ်သံတွေ တရစပ်ကြားတာ၊ ဒီနေ့တနေ့လုံးတော့ သေနတ်သံမကြားရဘူး၊ စစ်သားတွေလည်း ဘယ်နားရောက်နေလဲဆိုတာ သေချာမသိကြရဘူး၊ အရင်ကဆို သူတို့ ကားလမ်းကနေပဲ သွားတာ၊ အခုက တောလမ်းကနေ သွားကြတော့ ဘယ်သူမှ သေချာမသိကြဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ဇွန်လ ၈ ရက်နေ့ကတည်းက စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ အဲဒီစစ်ကောင်စီတပ်သားတွေဟာ ကနက်သီရိနဲ့ ရငဲကျေးရွာတွေက နေအိမ် ၈ လုံးခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးမကောင်းတဲ့ မိခင်အတွက် နေအိမ်မှာ ဆေးပြန်လာယူတဲ့ ရငဲရွာခံ အသက် ၂၃ နှစ်အရွယ် အမျိုးသားတဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ ဦး ခါးနဲ့ ခြေထောက်တွေမှာ ထိခိုက်မှုရှိခဲ့ပြီး အသက် ၈၀ ကျော် အမျိုးသားတဦးလည်း စစ်ကောင်စီတပ်သားတွေ ထိုးကြိတ်လို့ မျက်လုံးဖွင့်မရတော့တဲ့အထိ ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
သရက်ချောင်းမြို့နယ်မှာ ဆိုရင် ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်ကစပြီး အင်အား ၁၅၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်း စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် အခု ရက်သတ္တပါတ် အတွင်းမှာပဲ ကျေးရွာပေါင်း ရှစ်ရွာက သောင်းနဲ့ချီတဲ့ အရပ်သားတွေဟာ စစ်ဘေးရှောင်နေကြရတယ်လို့ စစ်ရှောင်ကူညီသူတွေဆီက သိရပါတယ်။
ဓာတ်ပုံ – CJ