ဖေဖော်ဝါရီ ၄
ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့အရှေ့ဖက် ကျောက်ချောင်းကြီးသစ်တောကြိုးဝိုင်းဖက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားလာရတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထပ်မံစစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။
လက်နက်ကြီးသံတွေကို ဇန်နဝါရီလ ၃၀ ရက်စတင်ပြီးတော့ ရွှေသောင်ယံမြို့ပေါ်ကနေကြားလာရတာပါ။ ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာတော့ လက်နက်ကြီးပစ်သံတွေကို တစ်ညလုံးကြားနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ဘေးရှောင်ဖို့ လုပ်နေကြတယ်။ ဒါပေမယ့် အများစုက ပိုက်ဆံလည်းမရှိကြတော့ဘူး။ ကုန်နေပြီ။ ဒုက္ခရောက်နေကြတယ် လို့ ရွှေသောင်ယံမြို့ကနေ ပုသိမ်မြို့ကို စစ်ရှောင်ဖို့ ပြင်ဆင်နေသူတဦးကပြော ပါတယ်။
ရွှေသောင်ယံမြို့ခံတွေဟာ မကျီးဇင်နဲ့ ဘောမိကျေးရွာမှာ တိုက်ပွဲဖြစ်ပွားတဲ့ ဇန်နဝါရီလပထမ အပတ်က စစ်ဘေးရှောင်ခဲ့ကြပါတယ်။ တိုက်ပွဲတွေ ငြိမ်သက်သွားတဲ့နောက် မြို့ပေါ်ကို ပြန်လည်ရောက် ရှိလာပြီးနောက် လက်နက်ကြီးသံတွေကြောင့် အခုအခါဒုတိအကြိမ်စစ်ရှောင်ဖို့ ပြင်ဆင်ရတာလို့ သူကပြောပါတယ်။
ပထမအကြိမ်စစ်ရှောင်ကတည်းက ပြန်မလာသူတွေလည်းရှိတယ်။ နေစားရိတ် ၊ စားစရိတ်မတက်နိုင်တော့တဲ့ လူတွေ ၊ ဘာတွေကျန်သေးလဲလို့ ပြန်ကြည့်တဲ့လူတွေက ဒုတိယအကြိမ် စစ်ရှောင်ဖို့ ပြင်နေရတာပါ လို့ သူကဆက်ပြောပါတယ်။
ရွှေသောင်ယံမြို့က ကြားနေရတဲ့ လက်နက်ကြီးသံတွေဟာ မကျီးဇင် – သာပေါင်းလမ်းပိုင်းမှာရှိတဲ့ ကျား ခေါင်း ၊ သစ်ဖြူ အစရှိတဲ့ ကျေးရွာတွေဖက်ကို လှမ်းပစ်တာလို့ ရွှေသောင်ယံဒေသခံတစ်ဦးက ပြော ပါတယ်။
မကျီးဇင် – သာပေါင်းလမ်းပိုင်းမှာတော့ အာရက္ခတပ်တော်(AA )နဲ့ ပူးပေါင်းတပ်တွေဟာ စစ်ကောင်စီရဲ့ ခံစစ်တွေကို တခုပြီးတခု ထိုးစစ်ဆင်နေတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့်လည်း DNA က တော့ အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲပါ။
ရွှေသောင်ယံမြို့မှာတော့ စစ်ကောင်စီဟာ ကြည်းတပ်နဲ့ ရေတပ်ပူးပေါင်းပြီး စစ်ရေးပြင်ဆင်ထားတာကို မြင်တွေ့ရတယ်လို့လည်း ဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဇန်နဝါရီလ ၉ ရက်နေ့က တည်းက ရွှေသောင်ယံမြို့ကို တဖွဲ့ပြီးတဖွဲ့ ရောက်ရှိလာတာလို့လည်း အခြားဒေသခံတစ်ယောက်က ပြောပါတယ်။
ရွှေသောင်ယံမြို့နယ်ခွဲမှာ လူဦးရေ ၃ သိန်း ကျော်နေထိုင်ကြတယ်လို့လည်း ဌာနဆိုင်ရာထုတ်ပြန်ချက်တွေအရ သိရပါတယ်။