
ဖေဖော်ဝါရီ၊ ၃
ရခိုင်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်မြို့ဖက်ကနေ စစ်ယာဉ်တန်းတွေ စေလွတ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတချို့က DNAကိုပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီလ၃ရက်နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းဖက်ကို စစ်ကား ၈ စီးနဲ့ အင်အား ၂၀၀ လောက် ထွက်ခွာသွားတာကို ပန်တိုင်စစ်ဆေးရေးဂိတ်အနီးမှာ မြင်တွေ့လိုက်ရတယ်လို့ တက္ကစီယာဉ်မောင်း တစ်ဦးက ပြောပါတယ်။
စစ်ကားတွေပေါ်မှာ လိုက်ပါလာသူတွေဟာ အသက် ၂၀ ကျော်အရွယ် လူငယ်တွေဖြစ်တယ်လို့ လည်း သူကဆိုပါတယ်။ စစ်မှုထမ်းခေါ်ထားတဲ့ ကလေးတွေဖြစ်မယ်။ အကုန်လုံးက ပဲကေ (စစ်သား ဆံပင်) နဲ့ မျက်နှာလေးတွေကလည်း မဲသဲနေတာပဲ လို့ တက္ကစီယာဥ်မောင်းက မှတ် ချက်ပြုပါတယ်။
ထောက်ပို့တပ်တွေမှာအသုံးပြုတဲ့ စစ်ကားတစီးဆီမှာ အင်အား ၃၀ လောက်လိုက်ပါလာတာဖြစ်ပြီးတော့ လိုက်ပါလာသူအားလုံးမှာ သေနတ်ကိုင်ဆောင်ထားတာ မတွေ့ရဘူးလို့လည်း သူကဆိုပါတယ်။ ဒါပေမယ့် ကားတစီးဆီတိုင်းမှာ အစောင့်သဘောမျိုးနဲ့ စစ်သားနှစ်ဦးကတော့ သေနက်ကိုင်ဆောင် ထားတယ်လို့လည်း သူကဆက်ပြောပါတယ်။
ပန်းတိုင်ဂိတ်ဆိုတာကတော့ ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းအစပ်က စစ်ဆေးရေးဂိတ်တခုဖြစ်ပါတယ်။
စစ်ကားတွေဟာ ဧရာတတီတိုင်းရဲ့ ဘယ်ဒေသကို ထွက်ခွာသွား တယ်ဆိုတာမသိရပေမယ့်လည်း ပန်တိုင်ဂိတ်က ဖြတ်သန်းသွားတဲ့ကားအများစုဟာ ပုသိမ်မြို့ဘက်ကို သွားရောက်ကြတာဖြစ်ပါတယ်။
ပုသိမ်မြို့ဘက်ကိုသွားရောက်တာမဟုတ်တဲ့ ကားအများအစုဟာ ငှတ်ပျောကျွန်း (ခတ္ထိယ) ဂိတ်လို့ခေါ် တဲ့ တွံတေးလမ်းပိုင်းကနေ မအူပင် ၊ ဖျာပုံဘက်ကို သွားရောက်ကြတာဖြစ်တဲ့အတွက် လက်ရှိမြင်တွေ့ လိုက်ရတဲ့ စစ်ကားတွေဟာ ပုသိမ်ဘက်ကို သွားရောက်ဖို့ ရာခိုင်နှုန်းများနေတာလို့လည်း အထက်ပါယာဉ်မောင်းက ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ်ကစတင်ပြီး စစ်မူဌာန်းဥပဒေကို အသက်သွင်းပြီး လူငယ်တွေကို စစ်မူထမ်းစေခဲ့တာအခုဆိုရင်တော့ စစ်မှုထမ်းအပတ်စဉ်၁၀အထိ ဖွင့်လှစ်ဖို့ပြင်ဆင်နေတာလည်းဖြစ်ပါတယ်။
ရန်ကုန်တိုင်းမှာဆိုရင်တော့ စစ်မှုထမ်းလူငယ်တွေကို လှည်းကူးမြို့နယ်နဲ့ မှော်ဘီမြို့နယ်မှာသင်တန်းပေးခဲ့တာပါ။ သင်တန်းဆင်းလာတဲ့ လူငယ်တွေကိုတော့ တနိုင်ငံလုံးအနှံ့ကိုပို့ဆောင် ပြီး တာဝန်ထမ်းဆောင်စေတယ်လို့ လည်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဧရာဝတီတိုင်းမှာတော့ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကစလို့တိုက်ပွဲ တွေ စတင်ဖြစ်ပွားခဲ့တာပါ။
အာရက္ခတပ်တော်(AA)က ဧရာဝတီအစပ် ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် ပုသိမ်၊ရေကြည်၊သာပေါင်းစတဲ့မြို့နယ်တွေကို မဟာမိတ်တွေနဲ့အတူထိုးစစ်ဆင်လာပြီး စစ်ကောင်စီတပ်စခန်းတချို့ကိုလည်း သိမ်းပိုက်ထားတာပါ။
လက်ရှိအချိန်မှာလည်း သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေမှာ တိုက်ပွဲ တွေ ဖြစ်ပွားနေတယ်လို့လည်းဒေသခံတွေကပြောပါတယ်။