ခင်ဦးမြို့နယ်၊ ကျေးရွာနှစ်ရွာက နေအိမ်လေးဆယ်ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်စီး

ဇွန်၊ ၁၅
 
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ သာဂရရွာ နဲ့ ကံသစ်ရွာရှိ နေအိမ် ၃၉ လုံးကို စစ်ကောင်စီတပ်က ဇွန်လ ၁၄ ရက်နဲ့ ၁၅ ရက် နှစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
ယမန်နေ့ ဇွန်လ ၁၄ ရက်၊ မနက်ပိုင်းမှာ ခင်ဦးမြို့ပေါ်က ထွက်ခွာလာတဲ့ အင်အား တရာကျော်ပါ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အထိနာခဲ့သောကြောင့် ကံသစ်ရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ် တို့နဲ့ ပစ်ခက်ကာ နေအိမ် ၃၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
 
တိုက်ပွဲမှာ နှစ်ဖက်တပ်ဖွဲ့ အထိအခိုက်အသေအပျောက် ဘယ်လောက်ရှိတယ် ဆိုတာကိုတော့ DNA သတင်းဌာနအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
 
အဲဒီတိုက်ခိုက်မှုပြီးနောက် ညနေပိုင်းမှာလည်း ကံသစ်ရွာ ကနေ သာဂရရွာ ဘက်ကို ဦးတည်လာတဲ့ အဲဒီစစ်ကြောင်းကို ကံသစ်တံတား အနီးမှာ ပဒေသာမိုင်း ခုနှစ်လုံးနဲ့ ထပ်ပြီးတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား သေဆုံးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
 
“ တံတားနားမှာ မိုင်းဆွဲခံရတယ်၊ ပဒေသာမိုင်း ခုနှစ်တွဲလောက်နဲ့ပေါ့။ ဆွဲခံရတဲ့နေရာမှာ သူတို့ဘက်က အထိနာတယ်။ ကာကွယ်ရေးဘက်က ဒရုန်းတွေနဲ့ ကြည့်တာတော့ သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေကို ကံသစ်မူးထဲကို‌ပေါ့နော်။ ပေ သုံးဆယ်လောက် ကျယ်တဲ့ မူးထဲကို ပစ်ချခဲ့ပြီး အလောင်းဖျောက်ခဲ့တာပေါ့ “ လို့လည်း ဆက်လက်ပြောကြားပါတယ်။
 
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ဇွန်လ ၁၄ ရက်၊ မနေ့ညက သာဂရကျေးရွာမှာ ညအိပ်တပ်စွဲခဲ့ပြီး ဇွန်လ ၁၅ ရက်၊ ဒီကနေ့မနက်မှာတော့ သာဂရွာမှ အထွက် နေအိမ် ခြောက်လုံးကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
 
“ သူတို့ ဒီမနက် သာဂရရွာက အထွက်မှာ နေအိမ်ခြောက်လုံးကို မီးရှိ့ဖျက်ဆီးခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ ဒီမနက်ပေါ့ ဒေသကာကွယ်ရေးတပ်တွေနဲ့ ပြည်သူတွေ ရှင်းလင်းရေး လုပ်တဲ့အခါမှာ မီးရှို့ထားတဲ့ အရိုးစု ၁၈ ခုလောက် တွေ့ခဲ့တယ် “ လို့ အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။
 
အဲဒီအရိုးစု ၁၈ ခုဟာ နှစ်ဖက်တိုက်ပွဲမှာ သေဆုံးတဲ့ စစ်ကောင်စီတပ်သားတွေကို ကျန်တဲ့ စစ်သားတွေက မီးရှို့ထားခဲ့တာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပေမယ့် DNA သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါဘူး။
 
သာဂရ ရွာကို မီးရှို့ဖျက်ဆီးတဲ့နောက် အင်အားတရာကျော်ပါတဲ့ စစ်ကြောင်းဟာ ရေဦး-ခင်ဦး ကားလမ်းဘေး လယ်ကွင်းတွေဆီကတဆင့် ထမ်းစင် ကိုးခုနဲ့ ရွာသစ်ကုန်း ပျူစောထီးရွာထဲကို ဝင်သွားပြီး သူတို့ကို ရေဦးမြို့ပေါ်ကနေ သံချပ်ကာ ကားလေးစီးနဲ့ လာခေါ်သွားတယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဟာ ခင်ဦးမြို့ကို ဇွန်လ ၁ ရက်ကစပြီး စစ်ကြောင်းထိုးနေတာကြောင့် အမြဲတမ်း စစ်ရှောင် ငါးထောင် နီးပါး ရှိနေပြီး စားရေးသောက်ရေး၊ နေရေးထိုင်ရေး အခက်အခဲတွေ ရှိနေတယ်လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်သားတွေဟာ ကံသစ်ရွာကို ၂၀၂၂ ခုနှစ်၊ ဇွန်လမှာ နေအိမ် ၅၂ လုံး၊ နိုဝင်ဘာလမှာ နေအိမ် ၇ လုံး၊၂၀၂၃ ခုနှစ် မေလ မှာ၂၀၆ လုံး၊ ဇွန်လ ၄ ရက်မှာ နေအိမ် ၆၅ လုံးနဲ့ ဇွန်လ ၁၄ ရက်နေ့မှာ ၃၃ လုံး စုစုပေါင်း နေအိမ် ၃၆၁ လုံး မီးရှို့ဖျက်ဆီးထားပါတယ်။
 
သာဂရရွာကတော့ စစ်ကောင်စီစစ်ကြောင်းက လေးကြိမ်မြောက် မီးရှို့ဖျက်ဆီးတာ ဖြစ်ပေမယ့် နေအိမ်အရေအတွက် အတိအကျ မသိရသေးပါဘူး။
 
ဓာတ်ပုံ – ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး