ယူကရိန်းနည်းတူ နိုင်ငံတကာ ထောက်ပံ့မှုတွေနဲ့ ထိုက်တန်တဲ့ မြန်မာ့ ဒီမိုကရေစီအရေး ရုန်းကန် တိုက်ပွဲများ

(ဗိုလ်ချုပ်ဂွမ်မော်၊ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ကိုမင်းကိုနိုင်တို့ ပူးပေါင်းရေးသားပြီး United States Institute of Peaceတွင် ဖော်ပြထားသည့် Like Ukraine, Myanmar Deserves International Aid ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်) 

ဇွန်၊ ၁၄

 စစ်တပ် ကြီးစိုးအုပ်ချုပ်ခဲ့တဲ့ အတိတ် ဆယ်စုနှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့ နည်းလမ်းအမျိုးမျိုးကို သုံးခဲ့ဖူးပေမယ့် မဟာဗျူဟာ တခုကိုတော့ စွဲစွဲမြဲမြဲ ဆုပ်ကိုင်ထားတာကို တွေ့နိုင်ပါလိမ့်မယ်။ အဲဒါကတော့ ပြည်သူလူထုကြားမှာ သွေးခွဲပြီး လူ့အဖွဲ့အစည်းထဲမှာ မငြိမ်မသက်မှုတွေ ပေါ်လာအောင် လှုံ့ဆော်ပေးတဲ့ နည်းလမ်းပါ။ သူတို့ အကြိမ်ကြိမ် သုံးစွဲပြီး ပွဲခံလာတဲ့ ဗျူဟာက ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းမှု အပြီးမှာတော့ ဘာမှ အရာမထင်၊ အစွမ်းမရှိတော့တဲ့ အခြေအနေထိ ဆိုက်ရောက်သွားပါတော့တယ်။

 မျက်မှောက်ကာလမှာတော့ မြန်မာ တနိုင်ငံလုံးဟာ သမိုင်းတလျှောက် မကြုံဖူးလောက်အောင် ထူးထူးကဲကဲ စည်းလုံးညီညွတ်တဲ့ ရပ်တည်မှုကို လက်ခံ ထွေးပွေ့ရင်း အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို ဆန့်ကျင်နေကြပါပြီ။ ယူကရိန်းတွေလိုပဲ မြန်မာ ပြည်သူတွေကလည်း ရဲရင့်မှု၊ စိတ်ဓာတ် ခိုင်မာမှု၊ စည်းလုံးမှုတွေအပြင် ဒီမိုကရေစီအတွက်ဆို အရာရာကို စတေးဖို့ အသင့်ပြင်ဆင်ထားမှုတွေ ရှိနေပါတယ်။ ယူကရိန်းနဲ့ ကွဲပြားသွားတာကတော့ မြန်မာပြည်သူတွေဟာ လက်ရှိ ဆင်နွှဲနေရတဲ့ စစ်ပွဲကို လပိုင်းလောက် အတွင်းမှာ ရလဒ် အသာစီး ယူနိုင်လောက်မယ့် အထောက်အပံ့မျိုးတွေ မရနိုင်ကြတာ ဖြစ်ပါတယ်။ ကျူးကျော်သူ ရုရှားတွေကို ရွပ်ရွပ်ချွံချွံ တွန်းလှန်နေတဲ့ ယူကရိန်းအတွက် နိုင်ငံတကာက သဒ္ဓါတရား ထက်ထက်သန်သန် ဝိုင်းဝန်း ထောက်ပံ့ပေးနေကြတဲ့ ပမာဏမျိုးထဲက အချိုးအစား သေးသေးလေးလောက် ရရင်တောင်မှ စစ်အာဏာရှင် ဆန့်ကျင်ရေး မြန်မာနိုင်ငံရဲ့ ရုန်းကန် တိုက်ပွဲဝင်မှုမှာ ပြဇာတ်ဆန်တဲ့ အလှည့်အပြောင်းကြီးတွေ ပေါ်ပေါက်လာနိုင်ပါတယ်။

 စစ်တပ်ရဲ့ အာဏာသိမ်းမှု၊ အာဏာရမ္မက်ကြီးမှုတွေက မြန်မာနိုင်ငံမှာ ထူးထူးကဲကဲ စည်းလုံးညီညွတ်မှုမျိုးဆီ တွန်းပို့လိုက်တဲ့အပြင် ကျွန်တော်တို့ ကိုယ်စားပြုထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားမှု ၈၈ မျိုးဆက်တွေလို နောက်ခံအခြေအနေ ကွဲပြားသူတွေကြား ပိုမို သွေးစည်းလာစေခဲ့ပါတယ်။ အဲဒီ အင်အားစုတိုင်းဟာ မျက်မှောက်ခေတ်၊ တိုင်းရင်းသားပေါင်းစုံ ပါဝင်တဲ့ တော်လှန်ရေး လှုပ်ရှားမှုမှာ ကဏ္ဍအလိုက် ဦးဆောင်မှု ပေးနေကြပါတယ်။

 ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့နောက် ချက်ချင်းဆိုသလိုပဲ ရွေးကောက်ခံ နိုင်င့ရေး ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေ၊ လူမှုအသင်းအဖွဲ့ပေါင်းစုံ၊ လူနည်းစု တိုင်းရင်းသား အဖွဲ့အစည်းတွေ အပါအဝင် အလွှာအသီးသီး၊ လူတန်းစား အသီးသီးဟာ အတူတကွ လက်တွဲပြီး ရှုပ်ထွေးသိမ်မွေ့ပေမယ့် အနာဂတ် ကာလမှာ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု တည်ထောက်နိုင်ရေးအထိ ရည်မှန်းထားတဲ့ ကြားကာလ စီမံအုပ်ချုပ်ရေးကို ဖော်ဆောင်မယ့် တော်လှန်ရေး လှုပ်ရှားမှုအတွက် ပူးပေါင်း လက်တွဲခဲ့ကြပါတယ်။

 နောက်ထပ် လပိုင်းလောက် အကြာမှာပဲ ပြည်ထောင်စုလွှတ်တော် အတိုင်ပင်ခံ ကောင်စီနဲ့ အမျိုးသားလွှတ်တော် ရွေးကောက်ခံ ကိုယ်စားလှယ်တွေ စုပေါင်း အားထုတ်ခဲ့ပြီး တော်လှန်ရေးကို ပုံဖော်ဖို့အတွက် NUGကို ဖွဲ့စည်းလာနိုင်ခဲ့ပါတယ်။ တခြား တော်လှန်ရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက် ဆွေးနွေးမှုတွေကို တဖြည်းဖြည်းချင်း အရှိန်အဟုန်မြှင့်တင် တည်ဆောက်ရင်း စစ်အာဏာရှင် ဆန့်ကျင်မှုမှာ စုံလင်ကွဲပြားတဲ့ တိုင်းရင်းသား၊ ကိုးကွယ်ယုံကြည်မှု၊ အသက်အရွယ်၊ ဇာတိ၊ အလုပ်အကိုင် မတူညီသူတွေ ပိုပြီး တသားတည်း ဖြစ်လာပါတယ်။ အဆုံးသတ် ရည်မှန်းချက်ကတော့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှ ရှိမှုတွေကို အာမခံချက် ပေးနိုင်မယ့် ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးပါပဲ။

 တစ်ဖက်မှာလည်း ကျွန်တော်တို့ဟာ စစ်အာဏာရှင်တွေရဲ့ အတော်မသတ်နိုင်တဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို မျက်မြင် ကြုံတွေ့နေရပါတယ်။ စစ်တပ်ဟာ ကိုယ့်နိုင်ငံက ပြည်သူတွေကို ရန်သူအဖြစ် သဘောထား တိုက်ခိုက်နေတာပါ။ သိပ်မကြာသေးတဲ့ အချိန်တုန်းက ဖြစ်စဉ်တစ်ခု အနေနဲ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၀ ရက် မနက်ပိုင်းတုန်းက မြန်မာနိုင်ငံ အလယ်ပိုင်း၊ ပဇီကြီး ကျေးရွာမှာ ငရဲပွက်သလို ဆူဆူညံညံ ပေါက်ကွဲသံတွေနဲ့ ဖုံးလွှမ်းသွားခဲ့ဖူးတယ်။ တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက ပျံဝဲနေရင်း မြေပြင်မှာ ရှိနေတဲ့ ရွာသားတွေပေါ် ဗုံးတွေ ကြဲချခဲ့ပြီး အဆက်မပြတ် ပစ်ခတ်ခဲ့ပြန်တယ်။ ပဇီကြီးရွာဟာ ရာနဲ့ချီ များပြားတဲ့ ရုပ်အလောင်းတွေဆီက သွေးတွေနဲ့ စွန်းထင်းကျန်ခဲ့ပြီး ဒီဖြစ်စဉ်ဟာ မြန်မာ တနိုင်ငံလုံးကို နာကျင် အံ့ဩသွားစေခဲ့တယ်။ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေက ဒါလောက်နဲ့ မပြီးသေးပါဘူး။ ထိခိုက်သေဆုံးသူတွေကို ကူညီပေးနေသူတွေကိုပါ အပြတ်ရှင်းဖို့နဲ့ သက်သေ အထောက်အထားတွေကို ဖျောက်ဖျက်ဖို့အတွက် စစ်တပ်ဟာ လေကြောင်းကနေ နောက်တကျော့ တိုက်ခိုက်လာပြန်ပါတယ်။

 စစ်တပ် အာဏာသိမ်းခဲ့တဲ့နောက် ဒီဖြစ်ရပ် တခုတည်း ဆိုးဆိုးရွားရွား ကြုံခဲ့ရတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ခွဲလောက် ကာလအတောအတွင်း အာဏာသိမ်း စစ်တပ်ဟာ ပြည်သူ ထောင်ဂဏန်းလောက်ကို သတ်ဖြတ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရွေးကောက်ခံ နိုင်ငံခေါင်းဆောင်တွေ အပါအဝင် လူပေါင်း သောင်းနဲ့ချီပြီး တရားလက်မဲ့ ဖမ်းဆီးခဲ့ပြန်တယ်။ ထောင်နဲ့ချီ များပြားတဲ့ နေအိမ်တွေဟာ စစ်သားတွေရဲ့ အသားလွတ် မီးလောင်တိုက်သွင်း ဖျက်ဆီးမှုကို ခံရပြီး အရပ်သား ပစ်မှတ်တွေကို ဦးတည်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆိုတာလည်း ရာနဲ့ချီ များပြားခဲ့ပါတယ်။ မြေပြန့်ဒေသတွေမှာ အနေများတဲ့ ဗမာမျိုးနွယ်စုတွေရော၊ လူနည်းစု တိုင်းရင်းသား နယ်မြေတွေမှာပါ စစ်ဗိုလ်ချုပ်တွေက သူတို့ရဲ့ ချုပ်ကိုင်လွှမ်းမိုးနိုင်စွမ်းကို ပြန်တည်ဆောက်ဖို့အတွက် လွန်ကဲရက်စက်နဲ့ နည်းလမ်းတွေ အသုံးပြုတာကို ခါးစည်း ခံခဲ့ကြရပါတယ်။

 ၂၀၂၁ ခုနှစ်၊ နွေဦးကာလတုန်းက စစ်တပ် အာဏာသိမ်းမှုကို ဖီဆန်တာဟာ ငြိမ်းချမ်းတဲ့ ဆန္ဒပြမှုတွေ ပုံစံမျိုးနဲ့ပဲ အစပြုခဲ့ပါတယ်။ ဒါပေမဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အကြမ်းဖက် တုံ့ပြန်မှုတွေကြောင့် လက်နက်ကိုင် ခုခံမှု အသွင်ကို ပြောင်းလဲလာရပါတယ်။ ပြည်သူလူထုက တခဲနက် ထောက်ခံတဲ့ အရပ်သား အစိုးရ ပြန်လည် တင်မြှောက်နိုင်ရေး ရည်မှန်းချက်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့ ပေါ်ပေါက်လာတဲ့ တော်လှန်ရေး လှုပ်ရှားမှုတွေကြောင့် စစ်တပ် စွက်ဖက်မှု လုံးဝ ကင်းရှင်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးဆိုတဲ့ လမ်းကြောင်းသစ်ဆီ ဦးတည်လာပါတယ်။ လမ်းကြောင်းသစ် ဆိုပေမယ့် တကယ်တော့ ၁၉၄၈ ခုနှစ်မှာ နိုင်ငံ လွတ်လပ်ရေး ရပြီးချိန် ကတည်းက လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့သေးတဲ့ ရည်မှန်းချက် တခုသာ ဖြစ်ပါတယ်။

 လက်နက်ကိုင်ပြီး ခုခံစစ် ဆင်နွှဲရတဲ့ အခြေအနေဆီ ရောက်လာတဲ့အခါ နိုင်ငံအနှံ့က လူငယ်လူရွယ်တွေဟာ အင်အားတောင့်တင်းတဲ့ EAOတွေနဲ့ ပူးပေါင်းမိလာပါတယ်။ ဒီလိုနဲ့ အဲဒီ လူငယ်တွေက PDFကို ဖွဲ့စည်းရာမှာ EAOတွေက ကူညီပေးသလို လေ့ကျင့်ပေးခဲ့ကြတယ်။ PDFဟာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ပေးဖို့၊ ပြီးတော့ စစ်အာဏာရှင်ကို တွန်းလှန်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပေါ်ထွန်းလာပါတော့တယ်။

 လက်နက်ကိုင် တော်လှန်ရေးမှာ ဗဟိုရပ်ဝန်း တခုလို့ ဆိုနိုင်တဲ့ NUG ကာကွယ်ရေး ဝန်ကြီးဌာနကလည်း စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ အကြီးမားဆုံး EAO နှစ်ဖွဲ့ဖြစ်တဲ့ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ကရင် အမျိုးသား တပ်မတော် (KNU)တို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်လာခဲ့ပါတယ်။ NUGနဲ့ အဲဒီ EAOတွေဟာ ဗဟို စစ်ရေး ကွပ်ကဲမှု စနစ်တုခကိုပါ ထူထောင်နိုင်ခဲ့ပြီး ကရင်နီနဲ့ ချင်းပြည်နယ်တို့ အပါအဝင် နိုင်ငံအနှံ့မှာ ရှိနေတဲ့ တခြား EAO ၈ ခုထက် မနည်းကို မဟာဗျူဟာ လက်တွဲဖော်တွေအဖြစ် ချိတ်ဆက်ပြီး စစ်ဆင်ရေးတွေနဲ့ စီမံခန့်ခွဲရေးတွေမှာ ပူးပေါင်း လုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ဟာ စစ်တပ်ကို စဉ်ဆက်မပြတ် တော်လှန်ရပ်တည်ရင်း တော်လှန်ရေး လှုပ်ရှားမှုတွေကိုလည်း တက်တက်ကြွကြွ အားပေး ထောက်ခံနေတဲ့ တခြား EAOတွေနဲ့ ပိုမိုနက်ရှိုင်းတဲ့ နားလည်မှုမျိုး တည်ဆောက်ပြီး ပူးပေါင်း ဆောင်ရွက်မှုတွေကိုလည်း အားဖြည့်နိုင်ခဲ့ပါတယ်။

 PDFက ကာလရှည်ကြာ ရပ်တည်နေခဲ့တဲ့ တော်လှန်ရေး EAOတွေနဲ့ မဟာမိတ် ဆက်ဆံရေးမျိုး ထူထောင်လာတာဟာ လေကြောင်းပစ်ကူအား အသာစီးယူပြီး အရင်းအမြစ် ပေါကြွယ်ဝလွန်းတဲ့ မြန်မာ စစ်တပ်ကို ကြံ့ကြံ့ခံ ဆန့်ကျင်ပြီး ဒီမိုကရေစီနဲ့ လွတ်လပ်ရေးအတွက် အားထုတ် တိုက်ခိုက်လိုတဲ့ မြန်မာပြည်သူတွေရဲ့ ခံနိုင်ရည်ကို ဆန်းစစ်မှု တစ်ခု ဆိုရင်လည်း မမှားပါဘူး။

 အရေးအကြီးဆုံးက သမိုင်းမှာ မကြုံဖူးလောက်အောင် ထူးထူးကဲကဲ ခိုင်မာ အားကောင်းလာတဲ့ စည်းလုံးညီညွတ်မှုဟာ အောင်ပွဲအတွက် အခွင့်အရေးကောင်း ပြတင်းပေါက်တွေကို ပွင့်သွားစေတာပါပဲ။ စစ်တပ်ရဲ့ အကြမ်းဖက် နည်းစနစ်တွေ ဆိုတာကလည်း စစ်ရေး၊ နိုင်ငံရေး မျက်နှာစာ ပေါင်းစုံမှာ ရှုံးနိမ့်နေပါပြီ။ သူတို့အတွက်တော့ သဘောထားရေးရာ စစ်ပွဲကို ဆင်နွှဲရသလို သဘောမျိုး ဖြစ်လာနေပါတယ်။ ကျွန်တော်တို့ အတွက်ကျတော့ ဖျက်ဆီးအား ကြမ်းတမ်းတဲ့ ကင်ဆာ အကြိတ်တွေလို မြန်မာစစ်တပ်ရဲ့ အရိပ်မည်းတွေအောက်က ရုန်းထွက်နိုင်မယ့် လွတ်လပ်တဲ့ အနာဂတ် မြန်မာနိုင်ငံကို မြင်ရဖို့ နောက်ဆုံးနဲ့ အကောင်းဆုံး အခွင့်အရေးလို့ မှတ်ယူပါတယ်။

 စည်းလုံးညီညွတ်မှု၊ ပြည်သူတွေရဲ့ တခဲနက် အားပေးထောက်ခံမှု၊ ကိုယ်တိုင် ပါဝင်မှုတွေနဲ့အတူ ကျွန်တော်တို့ဟာ ရှေ့တိုးပြီး ချီတက်နေပါတယ်။ NUGရဲ့ PDF တပ်တွေဟာ ဒေသခံ ပြည်သူတွေရဲ့ ပံ့ပိုးမှုတွေကြောင့် နိုင်ငံအနှံ့ ကျေးလက်ဧရိယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကျက်ထားနိုင်လာပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းက စစ်ကိုင်းနဲ့ မကွေးတို့လို လူများစု ဗမာတွေ အများအပြား နေထိုင်ရာ ဒေသတွေမှာပေါ့။ အဲဒီနေရာတွေဟာ မြန်မာနိုင်ငံမှာ သမိုင်းကြောင်းအရ၊ မဟာဗျူဟာအရ၊ လူမှုစီးပွားရေး ရှုထောင့်အရ အရေးကြီးတဲ့ အချက်အခြာ နယ်မြေတွေလို့လည်း ဆိုနိုင်ပါတယ်။

 ဒါ့အပြင် EAOတွေကလည်း အစဉ်အလာအရ သူတို့ အားကောင်းကောင်းနဲ့ ထိန်းချုပ်ထားလေ့ရှိတဲ့ နယ်မြေတွေမှာ ပိုပြီး ခြေကုပ်မြဲလာတဲ့အပြင် ထိန်းချုပ် နယ်မြေတွေကိုပါ ချဲ့ထွင်လာနိုင်ခဲ့ပါတယ်။ NUGနဲ့ EAOတွေ ပေါင်းလိုက်မယ်ဆိုရင် နိုင်ငံရဲ့ ဧရိယာ ထက်ဝက်လောက်ကို လွှမ်းမိုး ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး ဒီအချက်ကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် ဝန်ခံခဲ့ရပါတယ်။

 တူညီတဲ့ ဘုံရန်သူ၊ တူညီတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ရည်မှန်းချက်တွေ ရှိလာခြင်းက တစ်နိုင်ငံလုံးဟာ အောင်ပွဲအတွက် မမှိတ်မသုန် အာရုံစိုက်လာအောင် ပိုမို တွန်းအားပေးနေပြီး မြန်မာ ပြည်သူတွေဟာ ညီညီညွတ်ညွတ်နဲ့ တသားတည်း ရှေ့ဆက် ချီတက်နေကြပါပြီ။

 နောက်ပြီး ပြည်ပရောက် မြန်မာနိုင်ငံသားတွေကလည်း သူတို့ရဲ့ လုပ်ခလစာ ချွေးနှဲစာလေးတွေကို ဖဲ့စုပြီး တော်လှန်ရေးအတွက် တတ်အားသမျှ ထောက်ပံ့ကြပါတယ်။ မြန်မာနိုင်ငံ အထက်ပိုင်း မြေလတ်ဒေသတွေမှာဆိုရင် အိမ်တွေပါ မီးရှို့ခံရပြီး အရာရာ ဆုံးရှုံးသွားတာတောင်မှ အမယ်အိုကြီးတွေဟာ ရှိစုမဲ့စု နားကတ်လေးတွေကို ချွတ်ပြီး တော်လှန်ရေးအတွက် အားတက်သရော လှူဒါန်းကြပါတယ်။ ပြည်သူတွေဆီက အဲဒီလို စိတ်အားထက်သန်မှုတွေကြောင့်လည်း ခုခံစစ်ပွဲဟာ တူမီးသေနတ်တွေ၊ အတိုအစတွေ စုပြီး လုပ်ထားရတဲ့ လက်လုပ် သေနတ်လေးတွေကနေ စတင်ခဲ့ရတဲ့တိုင် ကျယ်ပြန့် ကြီးထွားလာပါတယ်။ အော်တိုမက်တစ် မောင်းပြန်လက်နက်တွေ၊ ရုရှားဆီကနေ နောက်ဆုံးပေါ် ဝယ်ယူထားတဲ့ တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားတဲ့ စစ်တပ်ကိုတောင် ကြိုးတန်းလမ်းလျှောက်ရတဲ့ အခြေအနေမျိုးဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အခုတော့ ယူကရိန်းဟာ သူတို့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည် ရယူဖို့အတွက် တန်ပြန်ထိုးစစ် ဆင်နွှဲဖို့ ပြင်နေပါပြီ။ မြန်မာ ပြည်သူတွေကလည်း စစ်တပ်ရဲ့ မတရား ခိုးယူ သိမ်းပိုက်ခြင်းကို ခံထားရတဲ့ နယ်မြေတွေကို တလက်မမကျန် ပြန်လည် ရယူဖို့ အားထုတ်နေကြဆဲ ဖြစ်ပါတယ်။

 ဒါပေမဲ့ တော်လှန်ရေးအောင်ပွဲကို မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်နိုင်ဖို့ ဆိုရင်တော့ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အားပေးထောက်ခံမှုနဲ့ အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်။ အဲဒီအပိုင်းမှာ ကျွန်တော်တို့ရဲ့ အခြေအနေက ယူကရိန်းနဲ့ ဘယ်လိုမှ မယှဉ်သာအောင်ပါပဲ။ ရုပ်ဝတ္ထု အထောက်အပံ့တွေ ကျွန်တော်တို့ ရရှိနိုင်မှုက အရမ်းကို နည်းပါးနေဆဲပါ။ ယူကရိန်းကို ထောက်ပံ့ပေးနေတဲ့ ပမာဏရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရခဲ့မယ် ဆိုရင်တောင် မြန်မာ့တော်လှန်ရေးရဲ့ စွမ်းဆောင်ရေးဟာ သိသိသာသာ မြင့်တက်လာပြီး လပိုင်းအတွင်းမှာတင် ပြတ်သားတဲ့ အောင်ပွဲမျိုးကို အရယူပြနိုင်ပါတယ်။ လက်နက်အင်အား တဖက်သတ် သာလွန်တဲ့ ရန်သူကို နှစ်တွေအကြာကြီး ရင်ဆိုင်ပြီး ရုန်းကန်နေစရာ မလိုတော့ပါဘူး။

 လက်ရှိ မြန်မာ့ တော်လှန်ရေး လှုပ်ရှားမှုဟာ နိုင်ငံသမိုင်းမှာ ထူးခြားလှတဲ့ အခြေအနေမျိုးလို့ ဆိုနိုင်ပြီး နိုင်ငံတကာ အားပေး ထောက်ခံမှု အားလုံးနဲ့ ထိုက်တန်ပါတယ်။ တိုင်းရင်းသားပေါင်းစုံ စည်းစည်းလုံးလုံးနဲ့ မမှိတ်မသုန် ရုန်းကန် အားထုတ်နေခြင်းဟာ ဆယ်စုနှစ် ခုနစ်ခုလောက် အဆုံးမသတ်နိုင်တဲ့ စစ်ပွဲတွေထဲမှာ မွန်းကျပ်နေခဲ့တဲ့ နိုင်ငံအတွက် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေ လက်တွေ့ ဆောင်ယူပေးနိုင်ဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေအတွက် အကောင်းဆုံး၊ ဒါမှမဟုတ် နောက်ဆုံးလည်း ဖြစ်နိုင်တဲ့ အခွင့်အရေးမျိုးပါပဲ။

 နိုင်ငံတကာ အသိုက်အဝန်းက ကူညီသည်ဖြစ်စေ၊ မကူညီသည်ဖြစ်စေ မြန်မာပြည်သူတွေကတော့ စစ်အာဏာရှင် စနစ်ကို တွန်းလှန်ဖို့ မယိမ်းမယိုင် ရှေ့ဆက်နေကြဦးမှာပါ။ တကယ်လို့သာ နိုင်ငံတကာ အထောက်အပံ့တွေက အဲဒီ အားထုတ် ကြိုးပမ်းမှုတွေကို အားဖြည့်ပေးမယ်ဆိုရင် စစ်အာဏာရှင် စနစ်အပေါ် ပြည်သူတွေက အချိန်တိုအတွင်း အောင်ပွဲခံနိုင်ဖို့ ပိုပြီး နီးစပ်လာပါလိမ့်မယ်။ အဲဒီ အခြေအနေကပဲ ငြိမ်းချမ်းတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တခုကို အလျင်အမြန် ပေါ်ထွန်းလာစေပြီး ပြည်တွင်းမှာရော၊ ဒေသတွင်းမှာပါ တည်ငြိမ်မှုတွေကို ပြန်လည် ဆောင်ယူပေးနိုင်မှာ ဖြစ်ပါတယ်။