ဇွန်၊ ၁၃
မွန်ပြည်နယ်၊ ရေးမြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက ရွှေဆိုင်ဓားပြတိုက်ခံရလို့ ငွေကျပ်သိန်းရှစ်ရာဝန်းကျင် တန်းဖိုးရှိတဲ့ ရွှေထည် ပစ္စည်းမျိုးစုံ ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“(လုယက်သူတွေက)ကားနဲ့ ဆိုင်ရှေ့ကို ရောက်လာပြီး သေနတ်ပစ်တာတွေ မရှိဘူး၊ဒီအတိုင်းပဲ ယူသွားတာ၊ နှစ် ယောက်ပဲ သူတို့ ဝင်တဲ့ အချိန်ကလည်း အဲ့ချိန်က ဆိုင်စဖွင့်ဖို့ ပစ္စည်းတွေ ဆိုင်ထဲကို သယ်လာတဲ့အချိန်၊ ပုံးနှစ် ပုံး နဲ့ထည့်လာတာလို့ ပြောတယ်၊အဲဒါကားပေါ်ကနေ အဲ့လူနှစ်ယောက်က ဆင်းပြီးတော့ ပိုင်ရှင်ဆီကနေ ပစ္စည်းယူ သွားတာတဲ့၊ ရွှေထည်ပစ္စည်းမျိုးစုံပဲ၊ သူတို့ ပြောတာကတော့ သိန်း ၈၀၀ ၊ ၉၀၀၊ အဲလောက်ရှိတယ်လို့ ပြောတယ်” လို့ ရေးမြို့ခံတဦးက DNA ကို ပြောပါတယ်။
ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် ဝင်းသုခဈေးရှိ ရွှေလဝန်းရွှေဆိုင်ကို ဒီကနေ့ မနက် ၇ နာရီလောက်က အမည်မသိ လူနှစ်ဦးက ကားပေါ်က ဆင်းလာပြီး ဆိုင်ဖွင့်ဖို့ လုပ်နေတဲ့ ပိုင်ရှင်ကို သေနတ်ပြပြီး ရွှေထည်ပစ္စည်း မျိုးစုံ ထည့် ထားတဲ့ ပုံးတပုံးကို ယူသွားတာလို့သိရပါတယ်။
မနက်ဆိုတော့လေ မိုးလည်း နည်းနည်းကျနေတာ၊ ပြီးတော့ အဲ့နားတဝိုက်မှာလည်း ရွှေဆိုင်တွေ အများကြီး ရှိ တယ်၊ သူတို့က သေနတ်တော့ ပြသွားတယ်လို့တော့ ပြောတယ်၊အဲဒီရွှေထည်တွေထည့်ထားတဲ့ ပုံးတလုံးကိုပဲ ယူ ပြီးတော့ ချက်ချင်းပဲ ကားမောင်းထွက်ပြေးသွားတယ်၊ဘယ်သူမှလည်း မအော်ရဲကြဘူးလို့ ပြောတယ်” လို့ အဲဒီ ဒေသခံက ပြောပါတယ်။
ရွှေဆိုင်ဓါးပြတိုက်ခံရပြီးတဲ့နောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်ရှိလာပြီး လမ်းသွားလမ်းလာတွေနဲ့ မြို့အ ဝင်အထွက်တွေ ကို ပိတ်ဆို့ရှာဖွေတာတွေ လုပ်ဆောင်နေပေမယ့် ဒီကနေ့ ညပိုင်းအချိန်ထိ ဓားပြတိုက် သွားတဲ့ သူတွေကို ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလ ၉ ရက်ကလည်း ရေးမြို့နယ် မော့ကနင်းကျေးရွာ ဗိုလ်ချုပ်လမ်းကျေးရွာ အုပ်ချုပ်ရေး မှူးရုံးနဲ့ ကပ်လျက်က အားမာန်ရွှေဆိုင်ဓားပြတိုက်ခံခဲ့ရပြီး အဲဒီဖြစ်စဉ်မှာတော့ ဆိုင်ပိုင်ရှင်က ပြန်လည်ခုခံ လိုက် တာကြောင့် ဆုံးရှုူံးမှုတစုံတရာမရှိခဲ့ဘူးလို့သိရပါတယ်။
လက်ရှိမှာလည်း ရေးမြို့နယ်အတွင်းမှာ ခိုးဆိုးလုယက်မှုတွေနဲ့နေအိမ်ဖောက်ထွင်းခံရတဲ့ဖြစ်စဉ်တွေ မကြာ ခဏ ဖြစ်ပွားနေတဲ့အပြင် ညဘက် ဆိုင်ကယ်ခိုးယူခံရတဲ့ဖြစ်စဉ်တွေလည်း ခပ်စိပ်စိပ်ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ပုံစာ- ရေးမြို့က ဝင်းသုခရွှေဈေးကို ၂၀၂၀ ရွေးကောက်ပွဲမဲဆွယ်ကာလကတွေ့ရစဉ်။