
ရန်ကုန်မြို့၊မရမ်းကုန်းမြို့နယ်နှင့်လှိုင်မြို့နယ်ကြား ပါရမီလမ်းမကြီးပေါ် AD မီးပွိုင့်မှာ ဇွန်လ ၁၁ ရက်ည ၁၀နာရီဝန်းကျင်က အိမ်စီးကားနှစ်စီး တိုက်မိခဲ့တာကြောင့် အသက် နှစ်ဆယ်ကျော်အရွယ် လူငယ်အမျိုး သားတဦးနဲ့ အမျိုးသမီးတဦးတို့သေဆုံးခဲ့ပါတယ်။
“အရှိန်က များလောက်တယ်ဗျ ကားတွေက စုတ်ပြတ်နေတာပဲ၊ ကားအသေးလေးက အခြေအနေပိုဆိုးတာ၊ ကား ထဲမှာညှပ်နေလို့ မနည်းရအောင် ပြန်ထုတ်ခဲ့ရတယ်၊ဆေးရုံရောက်ပြီးမှ သေဆုံးသွားတာ”လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီ ပေးခဲ့တဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
သေဆုံးသူတွေဟာ ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက်၂၃နှစ်အရွယ် ကိုအောင်ကုဋေနဲ့ ပြည်မြို့ လမ်းရှည်လမ်းမှာ နေထိုင်တဲ့ အသက် ၂၃နှစ်အရွယ် မထက်အိန္ဒြာကျော်တို့ဖြစ်ပြီး ယာဉ်တိုက်မှုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာတွေပြင်း ထန်တာကြောင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအရောက်မှာ သေဆုံးခဲ့တာလို့ သိရပါတယ်။
အဲ့ဒီယာဉ်တိုက်မှုဟာ ဆလွန်းကားနဲ့ ပရာဒိုကားတွေ တိုက်မိခဲ့ကြတာဖြစ်ပြီး သေဆုံးသူနှစ်ဦးဟာ ဆလွန်းကား ပေါ်လိုက်ပါလာသူတွေလို့သိရပါတယ်။ ပရာဒိုကားပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသားသုံးဦးလည်း ထိခိုက်ဒဏ်ရာ တွေရခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။
ဒါ့အပြင် အဲ့ဒီယာဉ်တိုက်မှုဖြစ်ပြီးနောက် နာရီပိုင်းအကြာ မနေ့ကည ၁၂နာရီဝန်းကျင်မှာလည်း ပါရမီလမ်းမကြီး ပေါ်မှာပဲ နောက်ထပ်ယာဉ်တိုက်မှုတခုထပ်ဖြစ်ခဲ့ပါသေးတယ်။
ပါရမီလမ်းမကြီးပေါ်က ပါရမီ အားကစားကွင်းရှေ့မှာဖြစ်ခဲ့တဲ့ အဲ့ဒီယာဉ်တိုက်မှုကတော့ အိမ်စီးကားတစီးက လမ်း ဘေးပလက်ဖောင်းကို ဝင်တိုက်မိခဲ့တာဖြစ်ပြီး ကားပေါ်ပါသူ သုံးဦး ဒဏ်ရာတွေရခဲ့တယ်လို့သိရပါတယ်။