တန်ပြန်ထိုးစစ် အစမှာ ကျေးရွာ သုံးခုကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း ယူကရိန်း ကြေညာ

ဇွန်၊ ၁၂

တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်း အဆင့်တွေအတွင်း ရုရှား ထိန်းချုပ်ထားရာ ကျေးရွာ ၃ ခုကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့ကြောင်း ယူကရိန်းက ကြေညာပါတယ်။

ယူကရိန်းဟာ နိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ရုရှားတပ်တွေ ထိန်းချုပ်ထားရာ ဒေသတွေကို တန်ပြန်ထိုးစစ်ဆင်မယ့် အစီအမံကြီး တခုအတွက် လပေါင်း အတော်ကြာ အချိန်ယူ ပြင်ဆင်ထားခဲ့ပါတယ်။ အခုအခါမှာတော့ ယူကရိန်း စစ်တပ်ဟာ တန်ပြန်ထိုးစစ်ရဲ့ အစောပိုင်း အဆင့်တွေကို လက်တွေ့ စတင်နေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာတော့ နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ကျေးရွာ ၃ ခုကို ရုရှားတပ်တွေ လက်ထဲကနေ လွတ်လပ်ရေး ပြန်လည် ရယူပေးနိုင်ခဲ့ပြီလို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ဒွန်းညက်စ်ခ် ပြည်နယ်ထဲမှာရှိတဲ့ ဘလာဟိုဒတ်နီ၊ နက်စ်ခုချ်နီနဲ့ မာကာရစ်ဗ်ကာ ကျေးရွာတွေကို တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေက အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပြီလို့ ကြေညာသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း တန်ပြန်ထိုးစစ်ကို စတင်နေပြီဆိုတာ အတည်ပြုသွားပါတယ်။

ကျေးရွာ ၃ ခုဟာ တန်ပြန်ထိုးစစ်မှာ ယူကရိန်းအတွက် အစောဆုံး သိမ်းယူရရှိတဲ့ နယ်မြေတွေ ဖြစ်လာပြီး နိုင်ငံတောင်ပိုင်းမှာလည်း ယူကရိန်းတပ်တွေက ရှေ့တိုး ချီတက်နေနိုင်ဆဲ ဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အခုအခါ ရုရှားဟာ ယူကရိန်းတပ်တွေရဲ့ ချီတက်မှု နှောင့်နှေးစေဖို့အတွက် ဒေသတွင်းက ဆည်နဲ့ ရေကာတာ အသေးစားတွေကို ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲနေတယ်လို့လည်း စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။

တဖက်မှာတော့ ရုရှားက သူတို့ရဲ့ တပ်တွေဟာ ယူကရိန်း တန်ပြန်ထိုးစစ်ကို ကောင်းကောင်း ဦးချိုးထားနိုင်ကြောင်း ဝါဒဖြန့် ကြေညာနေပါတယ်။ ယူကရိန်းကို စစ်လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ အမေရိကန် အစိုးရကလည်း စစ်ပွဲမှာ အမေရိကန်နဲ့ ဂျာမနီလုပ် တင့်ကားတွေ၊ သံချပ်ကာယာဉ်တွေ ပျက်စီးဆုံးရှုံးတာတွေ ကြုံခဲ့ကြောင်း အတည်ပြုထားပါတယ်။

 

Ref: Reuters