ဇွန် ၊ ၈
စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ ရေကန်စုရွာ ကို ဇွန်လရရက် မနေ့က စစ်ကောင်စီတပ်တွေကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ငါးရက်သားကလေးတဦးအပါအဝင် လူ ခြောက်ဦးကိုသတ်ဖြတ်ကာ မီးရှို့ခဲ့တယ်လို့မုံရွာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က DNA ကိုပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဲဒီကျေးရွာခေတ္တတည်းခိုနေချိန်သတင်းပေး(ဒလန်)တွေရဲ့ သတင်းပေးချက်အရ ကျောက် စစ်ပုံ အမြှောက်တပ်က စစ်ကောင်စီတပ် အင်အား ၅၀ ကျော်နဲ့ မနက် လေးနာရီခွဲခန့်မှာဝင်စီးပြီး သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။
“ သတ်ခံရတဲ့အထဲမှာ မီးဖွားကာစ ၅ရက်ပဲရှိသေးတဲ့ကလေးငယ်တဦးလဲပါတယ်။ မိခင်လဲ ရိုက်နှက်ခံရထားတယ်။ ။ သေဆုံးသူတွေထဲမှာတော့ကာကွယ်ရေးတပ်သား ၃ဦး၄ဦးပါနိုင်တယ်” လို့ မုံရွာမြို့နယ်၊ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ဆက်သွယ်ရေးတာဝန်ခံကို နေမော်ကDNAကိုပြောပါတယ်။
အဲဒီလို သတ်ဖြတ်တာကြောင့် ကလေးမိခင် သေဆုံးတာ၊ ရှိ၊ မရှိနဲ့ သေဆုံးသူတွေထဲမှာအရပ်သားဘယ်နှစ်ဦး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ဘယ်နှစ်ဦးပါတယ်ဆိုတာ ၊ တိတိကျကျမသိရသေးဘူးလို့လည်း ကိုနေမော် ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ သူတို့ သတ်ဖြတ်လို့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းကိုတော့ အဲဒီနေနရာမှာပဲ မီးရှို့ထားခဲ့တယ်လို့ လည်း ဆက်သွယ်ရေးတာဝန်ခံ ကိုနေမော်က ဆက်လက်ပြောကြား ပါတယ်။
စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်လို့ ဒဏ်ရာရရှိသူတွေရှိတဲ့အတွက် လုံခြုံတဲ့နေရာမှာဆေးဝါးကုသမှုပေးနေပြီး အဲဒီထဲက တဦးကတော့ စိုးရိမ်ရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် နွားသုံးကောင်ထိခိုက်ခဲ့သလို ကျေးရွာစာသင်ကျောင်း အနည်းငယ်ထိခိုက်ပျက်စီးခဲ့ပြီး ဆိုင်ကယ်ဆယ် စီးကိုလည်းမီးရှို့ဖျက်စီးခဲ့ပါသေးတယ်။
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေကတော့ အဲဒီကျေးရွာစာသင်ကျောင်းမှာအခြေပြုထားတဲ့တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး PDF ဘက်ကအမျိုးသားသုံးဦး၊အမျိုးသမီးနှစ်ဦးသေဆုံးသလိုလက်လုပ်မိုင်းတွေ၊ လက်လုပ်သေနတ်တွေသိမ်းဆည်းရမိတယ်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။