ဆိုင်ကလုန်းဒဏ်ခံ ပြည်သူတွေအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်းပေး

မေ၊ ၂၉

ဆိုင်ကလုန်း မုန်တိုင်း မိုခါရဲ့ဒဏ်ကို သက်ရောက် ခံစားခဲ့ရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့သလို အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ အမြန်ဆုံး ပို့ဆောင်ပေးဖို့လည်း တောင်းဆိုသွားခဲ့ပါတယ်။

အာဂျင်တီးနားသား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ မကြာသေးခင် ရက်ပိုင်းက ဖျားနာမှု ဝေဒနာ ခံစားခဲ့ရပေမယ့် ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ ဗာတီကန် နန်းတော်က ဝတ်ပြု ဆုတောင်းမှု အစီအစဉ်ကို တက်ရောက်ခဲ့ပါတယ်။ မေလလယ်က ဘင်္ဂလား ပင်လယ်အော်မှာ ဖြစ်ပေါ်ခဲ့တဲ့ မိုခါ ဆိုင်ကလုန်းကြောင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေမှာ ထိခိုက်ပျက်စီးမှုတွေ၊ အသေအပျောက်တွေ ကြုံတွေ့ခဲ့တဲ့ သတင်းကို ကြားသိရကြောင်း၊ ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ ပြည်သူတွေအတွက် ဝိုင်းဝန်း ဆုတောင်းပေးဖို့ ဖိတ်ခေါ်လိုကြောင်း ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အကြီးအမှူး ပုဂ္ဂိုလ်ကြီးက မိန့်ကြားခဲ့ပါတယ်။

လူပေါင်း ၈ သိန်းကျော်လောက်ဟာ ဆိုင်ကလုန်းဒဏ်ကြောင့် အရေးပေါ် ထောက်ပံ့ရေး အကူအညီတွေ လိုအပ်နေမှန်း ကြားသိထားရကြောင်း၊ ထိခိုက် ခံစားရသူတွေအတွက် စာနာဝမ်းနည်းမှုနဲ့အတူ လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ အမြန်ဆုံး ပို့ဆောင်ပေးဖို့ တောင်းဆိုလိုကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

သဘာဝ ဘေးအန္တရာယ်နဲ့ ကြုံတွေ့ ခံစားခဲ့ရတဲ့ ညီအစ်ကို မောင်နှမတွေအတွက် လူသားချင်း စည်းလုံးမှု၊ ဘာသာရေး အဆုံးအမတွေအပေါ် အခြေခံတဲ့ စည်းလုံးမှုတွေကို ပြသပြီး ဝိုင်းကူညီပေးစေလိုကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ဆက်လက် ပြောကြားသွားပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)ရဲ့ ခန့်မှန်းမှုအရ ဆိုင်ကလုန်း မိုခါရဲ့ဒဏ်ကို မြန်မာနိုင်ငံမှာ လူပေါင်း ၅.၄ သန်းကျော် သက်ရောက် ခံစားခဲ့ရပြီး ၃.၂ သန်းလောက်က လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

မိုခါကြောင့် မြန်မာနိုင်ငံမှာ သေဆုံးသူ ရာနဲ့ချီ များပြားခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့ရွာတွေမှာ နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အအုံတွေ၊ အခြေခံ အဆောက်အအုံတွေ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။

 

Ref: Vatican News