ငါန်းဇွန်က ပီဒီအက်ဖ်တပ်ဖွဲ့ဝင်တဦး ဖမ်းဆီးခံရပြီး ကျဆုံး

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အခြေစိုက် ဒေသကာကွယ်ရေးတပ် စခန်းက တပ်ဖွဲ့ဝင်တဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး နှိပ်စက်ညှင်းပန်းခဲ့တာကြောင့် ကျဆုံးသွားပြီလို့ အဖွဲ့ခေါင်းဆောင် ကိုအေကို က ပြောပါတယ်။
 
ကျဆုံးသူဟာ Youth Guerrilla Counter Revolution – TGYR က အသက်၂၀ အရွယ်ရှိ တပ်ဖွဲ့ဝင် အိုဝမ် ဖြစ်ပြီး မေလ ၂၄ ရက်နေ့ မနက်ပိုင်း သရက်ချိုပင် ရွာက အုပ်ချုပ်ရေးမှူးကို ရှင်းလင်းပြီးအပြန်မှာ နေ့လယ်တနာရီခွဲဝန်းကျင်မှာ ဖမ်းဆီးခံရတာပါ။
 
“ ကျွန်တော်တို့အဖွဲ့က ဆိုင်ကယ်နှစ်စီး လူငါးယောက်၊ ပစ်ခံရတော့ တယောက်တကွဲဲတပြားစီဖြစ်ပြီး အိုဝမ်က ဖမ်းဆီးခံလိုက်ရတာ ” လို့ TGYR အဖွဲ့ခေါင်းဆောင် ကိုအေကို က ပြောပါတယ်။
 
အဲဒီနေ့ နေ့လည် ၁ နာရီခွဲအချိန်ခန့်တွင် ဖောင်းကတေားကျေးရွာနဲ့ လက်ပံကျင်းကျေးရွာအကြား အရှေ့ဖက်ဆည်ဘောင်တမံပေါ်မှာ အရပ်သားကားနှစ်စီးပေါ်က စစ်ကောင်စီရဲ့ ပစ်ခတ်တာကို ခံခဲ့ရတာကြာင့် တပ်ဖွဲ့ဝင်အိုဝမ်ဟာ ဒဏ်ရာနဲ့ဖမ်းဆီးခံလိုက်ရပြီး အဲ့ဒီနေ့မှာပဲ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။
 
” ကျွန်တော်တို့ ၂၈ ရက်နေ့မှ သိရတာ အိုဝမ်ဆုံးသွားတာကို။ စစ်ကောင်စီက အိုဝမ် အလောင်းကို လမ်းပေါ် မှာ တရွတ်တိုက်ဆွဲပြီး ရပ်ရွာထဲမှာ PDF အလောင်း မမြင်ဖူးရင်လာကြည့်ကြဆိုပြီး အော်ဟစ်ပြောဆိုနေတာတွေ လုပ်သွားသေးတယ် ” လို့ ပြောပါတယ်။
 
အိုဝမ်ဖမ်းဆီးခံရပြီး နှစ်ရက်မြောက်နေ့ မေလ ၂၆ ရက်မနက် ၅ နာရီခန့်မှာ စစ်ကောင်စီက TGYR – Youth Guerrilla Counter Revolution စခန်းကို ဝင်ရောက် စီးနင်းခဲ့တာကြောင့် စခန်းရှိ ကျပ်သိန်း ၁၅၀ တန်ဖိုးရှိ လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
 
စခန်းစီးနင်းခံရတဲ့အတွက် စကားပြောစက် လေးလုံး၊ ခြောက်ဆယ်မမ အဖူး ၄၀၊ ကိုးလုံးကျည်၊ ကျည်ဆံတွေ၊ မိုင်းတွေ၊ ဆိုင်ကယ် နှစ်စီး၊ ဆန်တအိတ်၊ ဆီ တပုံး၊ တပ်ဖွဲ့ဝင် ဖောင်တွေအပါအဝင် တပ်ဖွဲ့ရဲ့ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့တာပါ။
 
ဒါ့အပြင် စခန်းဝင်စီးခံရလို့ ရှေ့တန်းက တပ်ဖွဲ့ဝင်တွေ နောက်တန်းပြန်ဆင်းရတဲ့အတွက် အိုဝမ်အကြောင်းကို မစုံစမ်းနိုင်ခဲ့ဘူးလို့လည်း TGYR တပ်ဖွဲ့ခေါင်းဆောင် ကိုအေကို က ဆိုပါတယ်။
 
“ ကျွန်တာ်တို့မြို့နယ်အတွက် ဒီလောက်နဲ့ ရပ်တန့်မသွားပါဘူး။ ကျွန်တော်တို့အလှည့်တွေ အများကြီးရှိသေးတယ်။ သူတို့ပြီးရင် ကျွန်တော်တို့ အလှည့်လာလိမ့်မယ် ” လို့ ကိုအေကို က ပြောပါတယ်။ 
ဓာတ်ပုံ – TGYR
ပုံစာ – စစ်ကောင်စီတပ်က ဒီလ ၂၆ ရက်က ဝင်စီးလို့ ငါန်းဇွန်မြို့အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ TGYR စခန်း မီးရှို့ဖျက်ဆီးခံရပြီး တွေ့ရစဥ်။