ရှမ်းတောင်မှာ စစ်ကောင်စီက စွပ်စွဲဖမ်းဆီးမှုတွေဆက်တိုက်လုပ်ပြီး ငွေညှစ်နေ

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီနဲ့ ဒေသခံ PDF တွေ တိုက်ပွဲပြင်းထန်ပြီးနောက် စစ်ကောင်စီဟာ ညောင်ရွှေမြို့နယ်ထဲက ဒေသခံတွေကို ဖမ်းဆီးပြီး ငွေနဲ့ ပြန်ရွေးခိုင်းနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။ 

ညောင်ရွှေမြို့နယ်ထဲက အင်းလေးဒေသနဲ့ အနီးတစ်ဝိုက်က ရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ရှိတယ် လို့ စွပ်စွဲခံရတဲ့ ကျေးရွာတွေကို ပျူတွေ လမ်းပြမှုနဲ့ စစ်ကောင်စီတပ်တွေက ဝင်ရောင်စီးနင်းရှာဖွေတာတွေ လုပ်ပြီး PDF တပ်ဖွဲ့ဝင်တွေ မတွေ့ရင်လည်း ဒေသခံတွေကို ဖမ်းသွားလေ့ ရှိတယ်လို့ ဆိုပါတယ်။

“သတင်းရတယ်ထင်တဲ့ နေရာတွေကို ဝင်ရှာတယ်၊ မတွေ့ရင်ရွာသားတွေထဲက ထင်ရာလူကို ဖမ်းပါတယ်၊ အင်းထဲမှာဆိုရင်လည်း နာရေးအိမ်ကိုရော ရွာတွေကိုရော ဝင်ဖမ်းပြီး ပထမ ငွေ ငါးသိန်းနဲ့ ရွေးခိုင်းတယ်၊ တချို့တွေ က ငွေကြေးမတတ်နိုင်လို့ ချေးငှားသွားပြီးမှ နောက်တရက်၊ နှစ်ရက်မှ သွားရွေးတော့ ၁၀သိန်းတွေ တောင်းတယ် ပေါ့ နော်၊အခုဆိုရင် တယောက်ကို ၁၀ သိန်းပေးမှ ပြန်လွှတ်ပေးမယ်ဆိုပြီးတော့ အဲလိုရှိတယ်” လို့ ဒေသခံတဦး က ပြောပါတယ်။

 ရှမ်းပြည်တောင်ပိုင်းမှာ ဘာအမှုမှ မရှိဘဲ စွပ်စွဲဖမ်းဆီးခံထားရတဲ့ ဒေသခံ လေးဆယ် ကျော်လောက် ရှိပြီး လူ ဘယ်နှဦးအထိ စွပ်စွဲဖမ်းဆီးခံထားရလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ဟဲဟိုးမြို့မှာလည်း လူငယ် တချို့ ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် တောင်ကြီးခရိုင်အတွင်းမှာ တော်လှန်ရေး တက်ကြွလှုပ်ရှားသူတွေ၊ ထောက်ပံ့ကူညီသူတွေနဲ့ CDM တွေ ကို ပြန်လည်ဖမ်းဆီးမှုတွေ ရှိလာနေပြီး လက်ရှိမှာ ထောက်ပို့ကူညီသူနဲ့ CDM နှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံ ထားရ တယ်လို့ သိရပါတယ်။ 

“တောင်ကြီးမှာ ထောက်ပို့၊CDM တင် မကဘဲ တချို့ လူငယ်တွေဆိုရင် ဘာမှ မလုပ်ဘဲနဲ့ကို ဖမ်းဆီးခံထား ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

 ရှမ်းပြည်တောင်ပိုင်းမှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ခရီးသွား နေရာတချို့ ပိတ်ထားရသလို စစ်တပ်ရဲ့ လမ်းတွေ ပိတ်ဆို့မှုနဲ့ စစ်ဆေးတင်ကြပ်မှုတွေကြောင့် ‌ဒေသခံတွေမှာ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တဖက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာနိုင်တဲ့အတွက် ကလော၊ ညောင်ရွှေ၊ ဟဲဟိုးမြို့နယ်တွေက ပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုတွေသတိထားဖို့နဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်း တွေနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။