သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းကို ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်၊ စုစုပေါင်းထောင် ၁၃နှစ်ထိချမှတ်ခံထားရ

မေ၊ ၂၆

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ရန်ကုန်တိုင်း၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲမှာ စစ်ကောင်စီတပ်တွေကားနဲ့တိုက်ပြီး ဖမ်းဆီးခံခဲ့ရတဲ့သတင်းထောက်မမှူးရတနာခက်မို့မို့ထွန်းကို သဃ်န်းကျွန်းခရိုင်တရားရုံးကအကြမ်းဖက်မှုဥပဒေပုဒ်မ၅၀(ည)နဲ့ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်လိုက်တယ်လို့သိရပါတယ်။

“ဒီနေ့ပဲအမိန့်ချတာပါ။ အလုပ်နဲ့ထောင်ဒဏ် ဆယ်နှစ်ပါ” လို့တရားဥပဒေအရလိုက်ပါဆောင်ရွက်ပေးနေသူက DNA ကိုပြောပါတယ်။

သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းဟာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့အလုုပ်ကြမ်းနဲ့ထောင်ဒဏ် သုံးနှစ်ချမှတ်ခံထားရပြီးဒီကနေ့မှာ အကြမ်းဖက်မှုဥပဒေပုဒ်မ ၅၀ (ည)နဲ့  ဒီကနေ့မှာ ထောင်ဒဏ်ဆယ်နှစ်ထပ်မံချမှတ်တဲ့အတွက် စုစုပေါင်းထောင်ဒဏ် ၁၃ နှစ်ကျခံရမှာဖြစ်ပါတယ်။

 အာဏာသိမ်းပြီးပြင်ဆင်ထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအေရ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တဲ့ ဥပဒေပုဒ်မ ၅၀(ည)ကျူးလွန်ရင် အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်ကနေ အများဆုံးထောင်ဒဏ်တသတ်အပြင် ငွေဒဏ်လည်းချမှတ်လို့ရပါတယ်။

စစ်ကောင်စီတရားရုံးက Myanmar Press Photo Agency သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းရဲ့ဆန္ဒအရ  ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံထားရပေမဲ့ အမှုကိုအယူခံဝင်မှာမဟုတ်ဘူးလို့လည်းနီးစပ်တဲ့သူတွေကပြောပါတယ်။

“ကျွန်တော်တို့ရှေ့နေတွေဘက်က တရားရုံးမှာအယူခံဆက်တက်မလားမေးတော့ မမှူးရဲ့သဘောဆန္ဒအရကတော့အယူခံမတတ်တော့ဘူးလို့ပြောပါတယ်”လို့တရားဥပဒေအရလိုက်ပါဆောင်ရွက်ပေးနေသူကဆိုပါတယ်။

ရန်ကုန်၊ ကြည့်မြင့်တိုင်မြို့နယ်၊ ပန်းပင်ကြီးလမ်းမပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်က ဆန္ဒပြနေတဲ့    သူတွေကို စစ်ကောင်စီတပ်က ကားနဲ့တိုက်ပြီး ဖမ်းဆီးတဲ့အတွက် မမှူးရတနာခက်မို့မို့ထွန်းအပါအဝင် သတင်းထောက်နှစ်ဦးနဲ့ဆန္ဒပြလူငယ် ကိုးဦးစုစုပေါင်း ၁၁ ဦးဖမ်းဆီးခံခဲ့ရတာပါ။

မမှူးရတနာခက်မို့မို့ထွန်းကတော့ ကားနဲ့တိုက်ပြီးဖမ်းဆီးခံရတဲ့ဒဏ်ရာတွေထဲကသာမန်ဒဏ်ရာတွေပျောက်ကင်းသွားပေမယ့် ဘယ်ဖက်ခြေသလုံးရိုးနေရာမှာ သုံးနေရာ အရိုးကြေမွသွားတဲ့အတွက်ပုံမှန်မဖြစ်သေးဘူးလို့လည်း သိရပါတယ်။

“ခြေထောက်ကတော့မနက်ဖြန်ပဲအင်းစိန်ထောင်ဆေးရုံမှာထည့်ထားတဲ့ စတီးရိုးသုံးချောင်းအခြေအနေ ကိုစစ်ရမှာ လူကောင်းတယောက်လိုအခြေအနေတော့မဟုတ်ပါဘူး”လို့လည်းနီးစပ်သူကဆိုပါတယ်။

စစ်ကောင်စီကအာဏာသိမ်းတဲ့အချိန်ကနေ ပြည်တွင်းက နေ့စဉ်ထုတ်သတင်းစာစောင်၊အွန်လိုင်းမီဒီယာတွေအပါအဝင်  သတင်းမီဒီယာလိုင်စင် ၁၃ ခုကို လိုင်စင်ပိတ်သိမ်းခဲ့သလိုသတင်းသမားလေးဦးဟာလည်းစစ်ကောင်စီလက်ချက်နဲ့သေဆုံးခဲ့ပါတယ်။

 သတင်းသမား ၁၅၆ ဦးကို ဖမ်းဆီးခံထားရပြီးအဲဒီထဲက သတင်းသမား ၁၀၅ ဦးကတော့ပြန်လည်လွတ်မြောက်လာပေမယ့် ၅၁ ဦးကတော့ စစ်ကောင်စီအကျဉ်းထောင်တွေမှာရှိနေဆဲဖြစ်ပါတယ်။

လက်ရှိမှာတော့စစ်ကောင်စီဖက်ကကျန်ရှိနေသေးတဲ့သတင်းသမားတွေကိုသပိတ်အဖွဲ့တွေ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကိုထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်တွေနဲ့အကြမ်းဖက်ဥပဒေတွေ၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု စတဲ့ ဥပဒေတွေနဲက ဆက်လက်တရားစွဲဆိုနေတာတွေရှိနေပါတယ်။