မေ ၊ ၂၅
ကမ္ဘာ့အကြီးဆုံး စစ်သင်္ဘောကြီးကို အမေရိကန်က နော်ဝေးနိုင်ငံဆီ စေလွှတ်လိုက်တဲ့နောက် ဒေသတွင်း အိမ်နီးချင်း ရုရှားက ဒေါသတကြီး ဝေဖန် ကန့်ကွက်ခဲ့ပါတယ်။
အရှည် ၃၃၇ မီတာရှိတဲ့ လေယာဉ်တင် သင်္ဘောကြီး USS Gerald R Fordဟာ မေလ ၂၄ ရက်က နော်ဝေးနိုင်ငံ၊ အော်စလိုမြို့တော် ဆိပ်ကမ်းဆီ ရောက်ရှိလာပါတယ်။ နျူကလီးယား စွမ်းအင်ကို အသုံးပြုထားပြီး ခေတ်အမီဆုံး နည်းပညာတွေ ဖြည့်တင်းထားသလို စုစုပေါင်း တန်ချိန် ၁ သိန်းကျော် လေးလံတဲ့ လေယာဉ်တင် သင်္ဘောကြီးဟာ အခြံအရံ တိုက်ရေယာဉ် အုပ်စုနဲ့အတူ အော်စလိုကို ဆိုက်ရောက်လာတာပါ။
လေယာဉ်တင် သင်္ဘောကြီးဟာ နော်ဝေးရေပိုင်နက်မှာ ရက်ပိုင်းလောက် ရပ်နားထားပြီးရင် အာတိတ် သမုဒ္ဒရာဆီ ဆက်လက် ခုတ်မောင်း ထွက်ခွာမှာ ဖြစ်ပါတယ်။
နော်ဝေး စစ်တပ်က USS Gerald R Fordရဲ့ ရောက်ရှိလာမှုဟာ နော်ဝေးနဲ့ အရေးအကြီးဆုံး မဟာမိတ် အမေရိကန်တို့ကြား ပူးပေါင်း ဆောင်ရွက်မှုတွေကို အရှိန်အဟုန် မြှင့်တင်နိုင်မယ့် အခွင့်အရေးကောင်း တရပ်အဖြစ် ယူဆနိုင်ကြောင်း ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အတင်းမာဆုံး အနေအထား ရောက်ရှိနေတဲ့ ရုရှားကတော့ ဒီလို သဘောမထားနိုင်ပါဘူး။ အမေရိကန် လေယာဉ်တင် သင်္ဘောက ရုရှားပိုင်နက်နားကို ချဉ်းကပ်ခဲ့ခြင်းဟာ အန္တရာယ်များပြီး အတွေးအခေါ် ခေါင်းပါးတဲ့ အင်အားပြ ခြိမ်းခြောက်မှုလို့ နော်ဝေးနိုင်ငံဆိုင်ရာ ရုရှားသံရုံးက ဝေဖန်ပါတယ်။
မြောက်ပိုင်း ရေပြင်မှာ စစ်ရေးအရ ဖြေရှင်းရမယ့် ဘာပြဿနာမှ မရှိသလို ပြင်ပနိုင်ငံတွေက ကြားဝင် စွက်ဖက်ရမယ့် ဘယ်လို အရေးကိစ္စမှလည်း မရှိကြောင်း၊ နော်ဝေးနိုင်ငံ ကိုယ်တိုင်က ရုရှားဟာ သူတို့အတွက် စစ်ရေးအရ တိုက်ရိုက် ခြိမ်းခြောက်မှု မရှိပါဘူးလို့ ဝန်ခံထားတာကို တွက်ဆမယ်ဆိုရင် အခုလို လေယာဉ်တင် သင်္ဘောကြီး ရောက်လာပြီး အင်အားပြနေတာက အတွေးအခေါ် ခေါင်းပါးလွန်းပြီး အန္တရာယ်များတဲ့ စတန့်ထွင်မှု ဖြစ်နေကြောင်း သံရုံးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တီမူး ချီကာနော့ဗ်က ပြောကြားသွားပါတယ်။
NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံတခုဖြစ်တဲ့ နော်ဝေးဟာ ရုရှားနိုင်ငံ မြောက်ဖျားပိုင်းနဲ့ ကုန်းမြေချင်း နယ်နိမိတ် ထိစပ်နေသလို ဘာရန့်စ် ပင်လယ်ပြင်မှာလည်း ရေပိုင်နက်ချင်း ထိစပ်မှုတွေ ရှိနေပါတယ်။
USS Gerald R Fordဟာ ၂၀၁၇ ခုနှစ်ကမှ အမေရိကန် ရေတပ်မှာ တပ်တော်ဝင်ထားတဲ့ ရေယာဉ် အသစ်ကြီးဖြစ်ပြီး လေယာဉ်နဲ့ ရဟတ်ယာဉ် အစီးရေ ၉၀ လောက်ထိ တင်ဆောင်နိုင်သလို စစ်သင်္ဘောတွေ အားလုံးထဲမှာ အရွယ်အစား အကြီးမားဆုံးအဖြစ် သတ်မှတ် ခံထားရပါတယ်။