မေ၊၁၆
လူမြင်ကွင်းကနေ တပတ်လောက် ပျောက်ကွယ်နေတဲ့နောက် ကျန်းမာရေး ပြဿနာ တခုခု ရှိနေနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ အားကောင်းနေချိန်မှာ ဘီလားရုစ် သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုရဲ့ ဓာတ်ပုံအသစ်တွေ ထွက်ပေါ်လာပါတယ်။
လူကာရှန်ကိုဟာ မေလ ၈ ရက်နဲ့ ၉ ရက်က နိုင်ငံတော်အဆင့် အရေးပါတဲ့ အခမ်းအနားတွေမှာ တက်ရောက်ဖို့ ပျက်ကွက်ခဲ့သလို လူအများ ရှေ့မှောက်ကနေ လုံးဝ ကွယ်ပျောက်နေခဲ့တာကြောင့် ကျန်းမာရေး ဆိုးရွားဆုတ်ယုတ်တဲ့ အခြေအနေ တခုခု ကြုံနေရတာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ပျံ့နှံ့လာခဲ့တာပါ။
မေလ ၁၅ ရက်မှာတော့ လူကာရှန်ကိုရဲ့ လှုပ်ရှားမှုတွေကို ပုံမှန် သတင်းဖော်ပြပေးနေတဲ့ Pul Pervovoဆိုတဲ့ Telegram channelက လူကာရှန်ကိုရဲ့ လတ်တလော ရိုက်ကူးထားတယ်ဆိုတဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပါတယ်။
အဲဒီ ဓာတ်ပုံတွေဟာ စစ်တပ် ကွပ်ကဲရေး စခန်းတခုဆီ သမ္မတ သွားရောက် လည်ပတ်ချိန်မှာ ရိုက်ကူးထားတာလို့ channelမှာ ဖော်ပြထားပါတယ်။ ပြီးတော့ လူကာရှန်ကိုရဲ့ ဘယ်ဖက်လက်မှာ အကြောင်းရင်း အတိအကျ မသိရဘဲ ပတ်တီး စည်းနှောင်ထားတာကိုလည်း တွေ့ရပါတယ်။
ဒီဓာတ်ပုံတွေဟာ အမှန်တကယ်ပဲ လောလောလတ်လတ် ရိုက်ကူးထားတာ ဟုတ်မဟုတ် ဆိုတာကိုတော့ သီးခြား အတည်မပြုနိုင်ပါဘူး။
ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပတဲ့ လူငယ်တွေ နိုင်ငံတော် သစ္စာ ခံယူပွဲနဲ့ အမျိုးသား အောင်ပွဲနေ့ အခမ်းအနားတွေမှာ လူကာရှန်ကို မတက်ရောက်နိုင်ခဲ့တဲ့နောက် သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထင်ကြေးမျိုးစုံ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အသက် ၆၈ နှစ်အရွယ် သမ္မတဟာ ဥရောပရဲ့ နောက်ဆုံးလက်ကျန် အာဏာရှင်လို့ သတ်မှတ် ခံရပြီး ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အရင်းနှီးဆုံး မဟာမိတ် တဦးလည်း ဖြစ်ပါတယ်။ သူဟာ ၁၉၉၄ ခုနှစ် ကတည်းက ဘီလားရုစ် နိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့ပြီး အတိုက်အခံ အင်အားစုတွေကို ကြမ်းကြုတ်ရက်စက်တဲ့ နည်းလမ်းတွေနဲ့ ဖြိုခွင်းပြီး ကာလရှည်ကြာ အာဏာထိန်းချုပ်ထားတာ ဖြစ်ပါတယ်။