အီရန်ဆီက ဒရုန်းတွေ အများအပြား ထပ်ဝယ်ဖို့ ရုရှား ကြိုးစားနေကြောင်း အမေရိကန်ပြော

မေ၊၁၆

ရုရှားဟာ ယူကရိန်းဆီက တန်ပြန်ထိုးစစ် စတင်မလာခင်မှာ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်း အများအပြားကို ဝယ်ယူနိုင်ဖို့ ကြိုးစားနေကြောင်း အမေရိကန်က ပြောကြားခဲ့ပါတယ်။

အီရန်က ထုတ်လုပ်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေဟာ နည်းပညာပိုင်း အဆင့်မမြင့်ပေမယ့် စျေးသက်သာပြီး အုံလိုက်ကျင်းလိုက် ပစ်လွှတ်နိုင်သလို တာဝေး ပျံသန်းနိုင်စွမ်းလည်း ရှိတာကြောင့် ယူကရိန်း စစ်ပွဲကာလမှာ ရုရှားက အရေအတွက် အများအပြား ​ဝယ်ယူ အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ အခုအခါမှာတော့ ရုရှားလက်ထဲမှာ ပိုင်ဆိုင်ထားတဲ့ အီရန် ဒရုန်းတွေ အရေအတွက်က လျော့ပါးလာပြီလို့ ယူဆရပြီး တဖက်မှာလည်း ယူကရိန်းက ကျူးကျော်သူ ရုရှားတပ်တွေကို အင်ပြည့်အားပြည့် တန်ပြန်ထိုးစစ်တရပ် ဆင်နွှဲဖို့ ကြိုးစားနေကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ရုရှားဟာ ယူကရိန်းရဲ့ အဲဒီ တန်ပြန်ထိုးစစ် အရှိန်ကို လျှော့ချနိုင်မယ့် အရေးပါတဲ့ မဟာဗျူဟာ စစ်လက်နက်တွေအဖြစ် အီရန်လုပ် ဒရုန်းတွေကို အသုံးချချင်နေကြောင်း အိမ်ဖြူတော် တာဝန်ရှိသူတွေက မေလ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။ အခုအခါမှာ ရုရှားဟာ အီရန်ဆီက ပေါက်ကွဲအား ပိုပြင်းထန်တဲ့ ဒရုန်းမျိုးတွေကို ဝယ်ယူနိုင်ဖို့ပါ ဆက်သွယ် ဆွေးနွေးနေတယ်လို့ ယုံကြည်ရကြောင်း အမေရိကန်က ဆိုပါတယ်။

ဩဂုတ်လ ကတည်းက အီရန်ဟာ ရုရှားအတွက် ဒရုန်းပေါင်း ၄၀၀ ကျော်လောက် ထောက်ပံ့ပေးခဲ့ပြီးပြီလို့ ယုံကြည်ရပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ကျူးကျော်စစ် မစခင် ကတည်းက အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေကို ကြိုတင် ဝယ်ယူထားတာလည်း ရှိပါသေးတယ်။

အခုတော့ အဲဒီ နှစ်နိုင်ငံဟာ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်မယ်လို့ အကြောင်းပြပြီး ဒရုန်း အရောင်းအဝယ် ကိစ္စကို ပိုမိုချဲ့ထွင်ဖို့ ဆွေးနွေးနေကြောင်း အမေရိကန် အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက ဆိုပါတယ်။

တန်ပြန်ထိုးစစ် မစခင် ယူကရိန်းရဲ့ အခြေခံ အဆောက်အအုံတွေကို ပိုမို ပစ်မှတ်ထား ဖျက်ဆီးနိုင်ဖို့ အရေးကြီးလာပြီလို့ ရုရှားက ယူဆနေတဲ့အတွက် UAV (ဒရုန်း)တွေကို ပိုမို လိုအပ်လာနေတာ ဖြစ်တယ်လို့ ကာဘီက ပြောပါတယ်။ တဖက်မှာလည်း အီရန်က ဒရုန်းတွေ ထောက်ပံ့ပေးဖို့အတွက် ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရုရှား ခေတ်မီ စစ်လက်နက်တွေ ပြန်လည် ရရှိဖို့ ညှိနှိုင်း တောင်းဆိုနေတယ်လို့ ယုံကြည်ရကြောင်း သူက မှတ်ချက် ပေးသွားပါတယ်။

နိုင်ငံတကာ စစ်ရေး သုတေသီတွေဟာ ယူကရိန်း စစ်ပွဲကာလအတွင်း ရုရှားနဲ့ အီရန်တို့ကြားက ဆက်ဆံရေး တိုးတက်လာမှုတွေကို စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ အရင်က ပြိုင်ဘက်တွေလို ရပ်တည်ခဲ့တဲ့ နိုင်ငံတွေ ပူးပေါင်း အလုပ်လုပ်ကြပြီဆိုရင် စိုးရိမ်စရာတွေ ဖြစ်လာရောလို့ အမေရိကန်ရဲ့ စစ်ရေး ဗဟိုဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး မိုက်ကယ် ကူရီလာက ဆိုပါတယ်။

ရုရှားဟာ စစ်ပွဲမှာ အသုံးပြုရတဲ့ ပမာဏ များပြားလွန်းတာကြောင့် စစ်လက်နက်တွေ ပြုန်းတီးလာပြီး တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားနဲ့ တောင်အာဖရိကတို့လို နိုင်ငံတွေဆီ လက်နက်တွေ ဝယ်ယူနိုင်ရေး ချိတ်ဆက် ဆွေးနွေး အားထုတ်မှုတွေ ရှိနေကြောင်းလည်း သိရပါတယ်။