ပခုက္ကူမြို့မှာ လျှပ်စစ်တာဝါတိုင်တွေကျိုးပြီးမီးပြတ်လို့ဖုန်းတလုံး ကျပ်သုံးရာပေးအားသွင်းနေရ

မတ်၊ ၁၆

မကွေးတိုင်း ၊ ပခုက္ကူမြို့မှာ မိုခါမုန်တိုင်းတိုက်ခိုက်မှုအရှိန်ကြောင့် လျှပ်စစ်တာဝါတိုင်တွေကျိုးပြီးလျှပ်စစ်မီးပြတ်တောက်နေတဲ့ အတွက် ရပ်ကွက်အချို့မှာဖုန်း၊ပါဝါဘန့်စတာတွေကိုတလုံးကျပ်သုံးရာပေးအားသွင်းနေရတယ်လို့ဒေသခံတွေကပြောပါတယ်။

“မီးစက်ရှိတဲ့လူ အဆင်ပြေတဲ့သူတွေက ဆင်းရဲသားအပိုင်းတွေ ဖုန်းအားသွင်းဖို့ တလုံး ၃၀၀ ပေးလုပ်နေတာပေါ့။ မီးလုံးတွေကအခမဲ့ရတယ်။ကျန်တဲ့သူတွေက သူတို့ဘာသာတက်နိုင်ကြတယ်လေ ။အခြေခံလူတန်းစားတွေအတွက်လုပ်နေကြတာပေါ့။ ဖုန်းတွေကျတော့ အရေးပေါ်ဆက်အသွယ်လုပ်ဖို့ လိုအပ်တယ်လေ မီးကတစက်မှာမလာတော့ အခက်အခဲတွေက အတော်ဖြစ်နေတာပေါ့ ” လို့ ဒေသခံတဦးကပြောပါတယ်။

မုန်တိုင်းကြောင့် မြို့ရှောင်လမ်း ပင်မခွဲရုံကို ဓာတ်အားပို့လွှတ်ပေး‌နေတဲ့ ညောင်ပင်ကြီး-ဗုဒ္ဓကုန်းလိုင်း နဲ့ ကျွန်းချောင်း – ဗုဒ္ဓကုန်းလိုင်း မှာ ပင်မာဓာတ်အားပေးလိုင်းတွေသယ်ဆောင်တဲ့ တိုင်တွေကျိုးပဲ့ကုန်တာကြောင့် ပြုပြင်ထိန်းသိမ်းနေစဉ်အတွင်း သုံးရက်လောက် မြို့ပေါ်မှာ လျှပ်စစ်မီးပျက်တောက်မှာလို့ ဒေသခံတွေကဆိုကြပါတယ်။

” ၁၄ ရက်နေ့ ညနေကတည်းက ပျက်နေတဲ့မီး အခုအထိမလာသေးပါဘူး။ ခွဲရုံနှစ်ခုမှာလည်း သစ်ပင်တွေလဲသွားတယ်လေ။ အခုကျိုးသွားတဲ့ တိုင်နှစ်တိုင်က နယ်မြေခြေနေအရ ပြန်ပြင်မယ်ဆိုရင်တော့ မခက်ပါဘူး ။တခုကတပ်အရှေ့မှာ နောက်တခုကက မြို့ရှောင်လမ်းဘေးတင်ပါ။ မီးပျက်တော့ အလုပ်တွေက ဘာမှာကိုလုပ်မရဘူးဗျ။ ဖုန်းတောင်ပိုက်ဆံပေးအားသွင်းနေရတယ် ” လို့ ဒေသခံတဦးကပြောပါတယ်။

အလားတူပဲ မြို့ပေါ်ရှိ တချို့ရပ်ကွက်များတွင် ရေတင်နိုင်ရန်အတွက် အခမဲ့ကူညီလုပ်ကိုင်ပေးတဲ့သူတွေရှိသလို ဖုန်းအပါအဝင် လျှပ်စစ်မီးသီးတွေ အားသွင်းနိုင်ဖို့ အချိန်အပိုင်းအခြားနဲ့ မီးစက်မောင်းပြီး ကူညီပေးတာတွေလည်းရှိတယ်လို့ ဒေသခံ တွေကဆိုကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ရွာသွန်းခဲ့တဲ့မိုးကြောင့် ပခုက္ကူမြို့နယ် အရှေ့ဖက်ရှိ ရွှေချောင်းချောင်းရေ  မြင့်တက်ခဲ့လို့ ချောင်းဘေးရှိ နေအိမ်တချို့ ပျက်ဆီးခဲ့တာတွေရှိတယ်လို့ သိရပါတယ်။

“မိုးက နှစ်ရက်ဆက်တိုက်တောက်ရှောက်ကို ရွာတာလေမကျဘူး မိုးများတာပေါ့။ မီးပျက်တော့ တချို့လုပ်ငန်းလေးတွေ ရပ်ထားတယ် လုပ်ငန်းအကြီးတွေကတော့ မရပ်ဘူးလေ မီးစက်တွေနဲ့ လုပ်တာရှိတယ်။ လုပ်ငန်းတွေ နားတယ်ဆိုရင်တော့ အခြေခံလူတန်းစားကတော့ ဝင်ငွေတော့ ထိခိုက်တာပေါ့ ” လို့ ဒေသခံတဦးကပြောပါတယ်။