မေ၊ ၁၀
ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲ ပထမအကျော့မှာ သူ့အသင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကို အရမ်းကျေနပ်ကြောင်းနဲ့ ၂-၀ ဆိုတဲ့ ရလဒ်ထက် ဂိုးပိုပြတ်သင့်ခဲ့ကြောင်း အင်တာမီလန် မန်နေဂျာ ဆိုင်မွန် အင်ဇာဂီက ပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်ရဲ့ ဒုတိယ အကြိုဗိုလ်လုပွဲစဉ် ပထမအကျော့အဖြစ် အီတလီ စီးရီးအေ ထိပ်သီး၊ မီလန်မြို့ခံနှစ်သင်း ယှဉ်ပြိုင်ကြရမှာ အင်တာက အေစီမီလန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တာပါ။ ခါးသီးပြိုင်ဘက်ရဲ့ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက်မှာ ကစားခဲ့ရပေမယ့် အင်တာဟာ ပထမပိုင်းမှာတင် အီဒင်ဂျက်ကို၊ ဟင်းနရစ်ခ် မစ်ခီတာယန်းတို့ရဲ့ ဂိုးတွေနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် အင်တာဟာ ဒုတိယအကျော့ အိမ်ကွင်းမှာ ကစားမယ့် ပွဲစဉ် မတိုင်ခင် ခါးသီးပြိုင်ဘက်အပေါ် သိသိသာသာ အသာစီး ယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အင်ဇာဂီက သူ့အနေနဲ့ အရမ်းကျေနပ်မိကြောင်း၊ အသင်းရဲ့ ကစားပုံဟာ၊ အထူးသဖြင့် ပထမပိုင်းမှာ ထူးထူးကဲကဲ ကောင်းမွန်ခဲ့ပြီး တကယ်ဆိုရင် ၂ ဂိုးထက်မက ဂိုးတွေ ပိုရခဲ့သင့်ကြောင်း ပြောပါတယ်။
သူ့အသင်းက အသာစီး အခြေအနေမျိုး ပိုင်ဆိုင်ထားတယ် ဆိုတာကို သဘောပေါက်ပေမယ့် ရှေ့ဆက် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ရှိနေသေးကြောင်း၊ သူ့အသင်းသားတွေဟာ အေစီနဲ့ ပွဲစဉ်မှာ ရာနှုန်းပြည့် အာရုံစူးစိုက် စိတ်နှစ်မြှုပ်ပြီး ကျားကုတ်ကျားခဲ ကစားသွားတဲ့အတွက် အသိအမှတ်ပြုကြောင်း၊ အဲဒီလို ကစားဖို့ နောက်ထပ် မိနစ် ၉၀ ကျန်သေးတယ်ဆိုတာ ကစားသမားတွေကို မမေ့စေချင်ကြောင်းလည်း အင်ဇာဂီက ဆိုပါတယ်။
အင်တာဟာ ဒုတိယ အကျော့ကို အမှားအယွင်းမရှိ ဖြတ်သန်းနိုင်ခဲ့မယ် ဆိုရင်တော့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ ဗိုလ်လုပွဲကြီးမှာ ရီးရဲလ်မက်ဒရစ်၊ ဒါမှမဟုတ် မန်ချက်စတာ စီးတီး တသင်းသင်းနဲ့ ရင်ဆိုင်ကစားသွားရမှာ ဖြစ်ပါတယ်။