ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ အပြည့်အဝ ယုံကြည်ဆဲလို့ ရီးရဲလ်မက်ဒရစ် မန်နေဂျာပြော

မေ၊ ၁၀

ခက်ခဲပေမယ့် ဥရောပ ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်ရောက်နိုင်ရေး ယုံကြည်ချက် အပြည့်အဝ ဆက်ရှိနေဆဲလို့ ရီးရဲလ်မက်ဒရစ် မန်နေဂျာ ကာလို အန်ဆလော့တီက ပြောပါတယ်။

အကြိုဗိုလ်လုပွဲစဉ် ပထမအကျော့အဖြစ် ရီးရဲလ်ရဲ့ အိမ်ကွင်းမှာ ကစားခဲ့ပေမယ့် မန်ချက်စတာ စီးတီးနဲ့ တဂိုးစီ သရေကျခဲ့တာကြောင့် ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်ဟာ လက်ရှိ ချန်ပီယံ စပိန်ထိပ်သီး ကလပ်အတွက် ဖိအားပိုများလာတော့မှာ ဖြစ်ပါတယ်။ 

ဒါပေမဲ့ အီတလီသား မန်နေဂျာကြီးကတော့ သူ့အသင်းဟာ ဗိုလ်လုပွဲကို နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်စွမ်း ရှိနေဆဲလို့ ယုံကြည်ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ဘာနာဘောင်း ကွင်းကြီးမှာ ရီးရဲလ် တိုက်စစ်မှူး ဗင်နစ်ရှပ်စ် ဂျူနီယာက ဂိုးစသွင်းခဲ့ပေမယ့် ဒုတိယပိုင်းမှာ ကီဗင်ဒီဘရိုင်းက စီးတီးအတွက် အခြေအနေ ကောင်းစေမယ့် ချေပဂိုးကို ပြန်လည် ရယူပေးနိုင်ခဲ့ပါတယ်။

ရီးရဲလ်ဟာ အခုပွဲစဉ်မှာ အကောင်းဆုံး ခြေစွမ်းပြ ကစားပြီး ချန်ပီယံလိဂ်ရဲ့ အောင်မြင်မှု အကြီးမားဆုံး အသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပေမယ့် အရည်အသွေးမြင့် ပြိုင်ဘက်ရဲ့ တုံ့ပြန်ပုံတွေကြောင့် အနိုင်မရခဲ့တာပါ။

ဘာပဲဖြစ်ဖြစ် ရီးရဲလ်အတွက် ဗိုလ်လုပွဲတက်ဖို့ ဖြစ်နိုင်ခြေတွေ ကျန်နေဆဲလို့ အန်ဆလော့တီက အခိုင်အမာ ယုံကြည်နေပါတယ်။ သူ့အနေနဲ့ လုံးဝ စိတ်မပျက်ကြောင်း၊ အသင်းသားတွေက အစွမ်းကုန် ကြိုးစားယှဉ်ပြိုင် တိုက်ပွဲဝင်ခဲ့ကြောင်း၊ အသင်းရဲ့ ကစားပုံနဲ့ ပတ်သက်လို့ အားလုံးရဲ့ စိတ်ထဲမှာ ကျေကျေနပ်နပ် ရှိနေကြကြောင်း၊ ရလဒ်က ရီးရဲလ်အတွက် ဆုလာဘ်တခု မဟုတ်ခဲ့ဘူး ဆိုရင်တောင်မှ နောက်ဆုံးမိနစ်ထိ ဘာမဆို အပြောင်းအလဲ ဖြစ်နိုင်တဲ့ အခြေအနေမျိုး ရှိနေသေးကြောင်း သူက ဆိုပါတယ်။

ဒုတိယ အကျော့အတွက် စီးတီးက ပိုပြီး ရေပန်းစားတဲ့ အသင်းအဖြစ် သူတို့ကိုယ်သူတို့ ယုံကြည်နေကြမှာ ဖြစ်ကြောင်း၊ စီးတီးရဲ့ အိမ်ကွင်းမှာ ရီးရဲလ် ပရိသတ် များများစားစား မရှိနိုင်ပေမယ့် ကစားသမားတွေရဲ့ ရင်ထဲမှာ အဝေးရောက် ပရိသတ်တွေရဲ့ အားပေးမှုကို ထိတွေ့ ခံစားမိထားပြီးဖြစ်ကြောင်း အန်ဆလော့တီက ပြောကြားသွားပါတယ်။

ရီးရဲလ်ဟာ ပြီးခဲ့တဲ့နှစ် ပြိုင်ပွဲရဲ့ အကြိုဗိုလ်လုပွဲမှာလည်း စီးတီးနဲ့ တွေ့ဆုံပြီး အနိုင်ယူ ကျော်ဖြတ်ခဲ့ပါတယ်။ အဲဒီတုန်းက ပထမ အကျော့အဖြစ် စီးတီးရဲ့ အိမ်ကွင်းမှာ ၄-၃ နဲ့ ရှုံးခဲ့ပေမယ့် ဒုတိယ အကျော့မှာ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ပြန်ရခဲ့တာကြောင့် ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

Ref: Marca