ဧပြီ၊ ၃၀
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မနေ့က တစ်ရက်တည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီဘက်က သုံးဦးသေ၊ ငါးဦးဒဏ်ရာရကာ PDF ဘက်က နှစ်ဦးကျဆုံးတယ်လို့ သိရပါတယ်။
အင်အား ၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ဧပြီလ ၂၉ ရက် နံနက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ အလူးလေးကျေးရွာ ဇလုံတောင်အနီးကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။
အဲ့နောက် ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမကြီးပေါ် ဘီးလင်း-သထုံလမ်းပိုင်း ရွှေရောင်ပြကျေးရွာအနီးမှာ အင်အား ၂၀ နဲ့ လမ်းကင်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ KNLA ၊ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့တိုက်ခိုက်ပြီး မြေပြင်မှာ ၂ နာရီနီးပါး အပြန်လှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌ ဦးကျော်မြင့် က DNA ကို ပြောပါတယ်။
“ ကျွန်တော်တို့ နယ်မြေထဲဝင်လာလို့ ပစ်ခတ်မှုဖြစ်တာ၊ အဲ့မှာ သူတို့ဘက်က တစ်ယောက်ကျတယ်၊ ထိခိုက်တာတွေတော့ ရှိတယ်၊ နောက် မွန်းလွဲပိုင်းကျမှ ရွှေရောင်ပြမှာမှ ဒရုန်း ၅ လုံးနဲ့ ချတာ အဲ့မှာ သူတို့အတော်လေးထိခိုက်သွားတယ်၊ ဘာလို့ဆိုတော့ ထိသွားတော့ အလောင်းတွေ ကားနဲ့သယ်နေတာ မြင်နေရတာပဲ၊ သိပ်မဝေးဘူး၊ အဲ့ချိန်လည်း ကျွန်တော်တို့ ပစ်နေတာပဲ လာသယ်တဲ့အချိန်က ၂ နာရီလောက်ကြာတယ်ပေါ့။ အားလုံး ၃ ယောက်၊ လောက်ရှိမယ်သေတာ ” လို့ ပြောပါတယ်။
မနေ့က ဘီးလင်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ပစ်ခတ်မှုမှာ စစ်ကောင်စီဘက်က တပ်သားအဆင့်ရှိသူတစ်ဦး သေဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သလို PDF ပူးပေါင်းတပ်ဖွဲ့ဘက်ကနေလည်း အလောင်းနှစ်လောင်းရရှိခဲ့တယ်လို့ သထုံခရိုင် ရဲတပ်ဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ ကျတာက နှစ်ဖက်လုံးပါပဲ၊ ဒီဘက်တပ်သားတဦးကျတယ်၊ လက်နက်ကြီးထိတာ နောက်တော့ ၅ ယောက်ဒဏ်ရာရတယ်၊ နည်းနည်းပါးပါးပဲ။ သူတို့ဘက်ကနေ အလောင်းနှစ်လောင်းနဲ့ လက်နက်တချို့ရတယ် ” လို့ ပြောပါတယ်။
အဲဒီပစ်ခတ်မှုအတွင်းမှာ စစ်ကောင်စီအမြောက်တပ်တွေက လက်နက်ကြီး ပစ်ကူပေးတာတွေ လုပ်ဆောင်ခဲ့သလို ကျေးရွာတွေဘက်ကိုလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပေမယ့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိဘူးလို့ ဆိုပါတယ်။
လက်ရှိ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေဘက်က KNU ထိန်းချုပ်တဲ့ ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးဖို့ အင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ ဒီနောက်ပိုင်းမှာ ထိတွေ့မှု မကြာခဏဖြစ်လာတယ်၊ သူတို့ဘက်လည်း စစ်ရေးအရှိန်မြှင့်ထားတယ်၊ ကျွန်တော်တို့လည်း ရရင်ရသလို ချတယ်၊ ပြောက်ကျားနဲ့ပဲပေါ့၊ အထိအခိုက်က နှစ်ဖက်စလုံးမှာ ရှိနေပါတယ်။ စစ်ရေးအသင့်မှာ ရှိနေကြတယ် ” လို့ ပြောပါတယ်။
ဓာတ်ပုံ – DNA