ပဇီကြီးရွာအနီးစစ်ကြောင်းထိုးလို့ တပါတ်အတွင်းအိမ်ခြေတရာကျော်မီးရှို့ခံရ၊ ထောင်နဲ့ချီတဲ့ဒေသခံတွေထွက်ပြေးနေရ

ဧပြီ၊ ၂၇

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင်၊အရှေ့ခြမ်း၊ပဇီကြီးကျေးရွာအနီးကရွာတွေကိုစစ်ကောင်စီရဲ့အင်အား ၂၀၀ ပါဝင်တဲ့ ခမရ ၃၆၁ နဲ့တပ်မ ၈၈ ပူး​ပေါင်းစစ်​ကြောင်းက ဧပြီ လ ၂၂ ရက်နေ့ထဲကစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်တပါတ်အတွင်း လေးတွင်းစဥ်ရွာ၊ချောင်းသာရွာနဲ့မြေမွန်ရွာတွေကနေအိမ်(၁၀၀)ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီ့လိုမီးရှို့ဖျက်ဆီးခဲ့ရမှာဧပြီလ ၂၂ ရက်နေ့ကစလို့ ၂၆ ရက်နေ့အထိ  ​လေးတွင်းစဥ်ရွာမှ ​ဆေးခန်းအပါအဝင် ​နေအိမ် ၆၈ လုံး ၊  ချောင်းသာရွာမှ ​နေအိမ် ၅၃ လုံးနဲ့မြေမွန်ရွာက လေးလုံးစုစုပေါင်း၁၂၅လုံးပျက်စီးခဲ့ပါတယ်။

မြေမွန်ရွာဟာဒုတိယအကြိမ်မီးရှို့ခံခဲ့ရပြီးအခုအကြိမ်နဲ့ဆိုမြေမွန်ရွာတရွာထဲမှာပဲမီးလောင်ဆုံးရှူံးရတဲ့အိမ်ခြေပေါင်း ၃၀၀ နီးပါးရှိခဲ့ပြီလို့ဒေသခံတွေကဆိုပါတယ်။

“တော်တော်များများအဲ့နားကရွာတွေကရှောင်နေရတယ်။ရွာကတော့ဆယ်ရွာလောက်ရှိပြီ။မြေမွန်ကနှစ်ကြိမ်ရှိပြီဒါနဲ့ဆို။လက်နက်ကြီးနဲ့ပစ်တာတော့တယောက်ထိထားတယ်။သူတို့စဝင်တဲ့နေ့ကပဲလေကြောင်းနဲ့ပစ်တယ်။ဒေသခံကာကွယ်ရေးတပ်တွေနဲ့လဲချပ်သင်းနဲ့ချပ်ကြီးကြားထဲသူတို့ကထိုင်နေတော့ကာကွယ်ရေးတပ်တွေသွားချတော့အဲ့ကြားကိုလာပစ်တာ၊ခုတော့စကျင်ဖက်ကိုဝင်နေတယ်။ပဇီကြီးနားမှာပဲပါတ်ထိုးနေတာ၊၈၈ကစဝင်တော့ပဇီကြီးကိုစဝင်တာ၊ဒေသခံတွေကတော့နေရေးထိုင်ရေးနဲ့စားရေးသောက်ရေးအတော်ခက်ခဲနေတယ်”လို့ကန့်ဘလူရှေ့ခြမ်းကပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးကပြောပါတယ်။

ဒါ့အပြင်ကန့်ဘလူမြောက်ခြမ်း၊ချပ်ကြီးရွာမှာအထိုင်ချတပ်စွဲထားတဲ့စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့်ပင့်သာကြီးရွာအတွင်းမှာရှိတဲ့အသက် ၂၈ နှစ်အရွယ်အမျိုးသားတဦးကလက်နက်ကြီးထိမှန်သေဆုံးခဲ့တာ်လို့သိရပါတယ်။

“တိုက်ပွဲကတော့ဖြစ်တယ်။သူတို့လေကြောင်းနဲ့ဗုံးကြဲတာလဲရှိတယ်။ဒါပေမယ့်ကျတော်တို့ဒီဖက်ကမထိဘူ။သူတို့ဖက်ကမိုင်းဆွဲခံရတော့အကျများတာ့အထိနာနေတာ၊မနေ့ကနဲ့ဒီနေ့ကတော့လေကြောင်းမလာဘူ။သူတို့ထိုင်နေတဲ့ပျူရွာထဲကတော့လက်နက်ကြီးနဲ့လှမ်းပစ်တာတွေရှိတယ်၊လက်ရှိတိုက်ပွဲဖြစ်နေတဲ့နေရာတွေတော့လုံခြုံရေးကြောင့်မပြောတော့ဘူး”လို့ကန့်ဘလူဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ကဆက်လက်စစ်ကြောင်းထိုးနေသလိုပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားတာတွေရှိနေတဲ့အတွက်ကန့်ဘလူရှေ့ခြမ်းကပဇီကြီး၊ပဇီလေး၊ချောင်းရွာ၊ချောင်းရှည်၊မြေမွန်၊သာယာမွန်၊သီရိမွန်၊စကျင်၊အစရှိတဲ့ကျေးရွာတွေအပါအဝင်ကျေးရွာဆယ်ရွာထက်မနည်းကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

ကန့်ဘလူအရှေ့ခြမ်းကပဇီကြီးကျေးရွာရှိပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရပ်ကျေးရုံးဖွင့်ပွဲကိုစစ်ကောင်စီတပ်ကဧပြီလ၁၁ရက်နေ့မှာလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက်ကလေးသူငယ်တွေအပါအဝင်အရပ်သား၁၆၈သေဆုံးခဲ့ပြီးဒဏ်ရာအများအပြားရခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာပဲဧပြီ ၁၉ ရက်နေ့ကစလို့ပဇီကြီးကျေးရွာနဲ့အနီးအနားကရွာတွေကိုစစ်ကောင်စီကမြေပြင်ကရောဝေဟင်ကပါဆက်တိုက်ဆိုသလိုတိုက်ခိုက်မှုတွေပြုလုပ်နေတာလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၂ရက်က ပဇီကြီးရွာနဲ့တမိုင်ခန့်အကွာကလေးတွင်းစဉ်ရွာအနီးတိုက်ပွဲဖြစ်လို့စစ်ကောင်စီ ၂၅ ဦးသေဆုံးပြီး  ပြည်သူ့ကာကွယ်ရေးတပ်က တဦးဒဏ်ရာရတယ်လို့ထုတိပြန်ထားပါတယ်။