ဧပြီ၊ ၂၄
မက္ကဆီကို သမ္မတ အန်းဒရက်စ် မန်နျူရယ်လ် လိုပက်ဇ် အော့ဘရာဒိုဟာ တတိယ အကြိမ်မြောက်အဖြစ် ကိုဗစ်ရောဂါ ကူးစက်ခြင်း ခံခဲ့ရပါတယ်။
ဧပြီ ၂၃ ရက်မှာ ယူကာတန် ဒေသကို သွားရောက်မယ့် ခရီးစဉ်ကို ဆိုင်းငံ့ကြောင်း ကြေညာခြင်းနဲ့အတူ သူဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် စွဲကပ်မှု ခံနေရတယ် ဆိုတာကို အော့ဘရာဒိုက အတည်ပြုခဲ့ပါတယ်။
အော့ဘရာဒိုက သူ့ရဲ့ ရောဂါလက္ခဏာတွေဟာ ပြင်းထန်မှု မရှိဘူးလို့ လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ် သမ္မတဟာ ကျန်းမာရေး ပြဿနာတချို့နဲ့ ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူဟာ တတိယမြောက် ကိုဗစ် ကူးစက်မှု ခံနေရတဲ့နောက် မက္ကဆီကို စီးတီးမှာ ရက်ပိုင်းလောက် သီးသန့်ခွဲပြီး နေထိုင်သွားဦးမယ်လို့ ပြောပါတယ်။
သူဟာ ဖျော့တော့ပြီး နေထိုင်မကောင်းသလို အခြေအနေကြောင့် ဆေးစစ်ကြည့်တဲ့အခါ Positive အဖြေ ထွက်ခဲ့တာလို့ အော့ဘရာဒိုက ဆိုပါတယ်။ သူ့သားရဲ့ ၁၆ နှစ်ပြည့် မွေးနေ့ကို ပါဝင်ကျင်းပဖို့ ရည်ရွယ်ထားခဲ့ပေမယ့် အခုတော့ အဝေးကနေပဲ ဆင်နွှဲရတော့မယ်လို့ သမ္မတက ပြောပါတယ်။
အော့ဘရာဒိုဟာ ၂၀၂၁ နှစ်ဆန်းပိုင်းလောက်တုန်းက ကိုဗစ်ရောဂါဒဏ်ကို အတော်လေး ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးပေမယ့် အဲဒီတုန်းက စမ်းသပ်ဆဲအဆင့် ကုထုံးတခုကို ခံယူပြီး ပြန်လည် သက်သာလာပါတယ်။ ၂၀၂၂၊ ဇန်နဝါရီလတုန်းက မက္ကဆီကိုမှာ ကူးစက်နှုန်း အရမ်းမြင့်နေတဲ့အချိန် အော့ဘရာဒိုက နောက်တကြိမ် ကူးစက်ခံခဲ့ရပြန်ပါတယ်။
လက်ရှိမှာတော့ သူဟာ ရက်ပိုင်းလောက် လူမြင်ကွင်း နောက်ကွယ်မှာ သီးသန့် နေထိုင်ရမှာဖြစ်ပြီး မီဒီယာတွေနဲ့ တွေ့ဆုံတဲ့ ကိစ္စလိုမျိုးတွေကို ပြည်ထဲရေးဝန်ကြီး အဒန် အော်ဂက်စတို လိုပက်ဇ်ဆီ ယာယီ လွှဲထားမယ်လို့ သမ္မတက ပြောကြားထားပါတယ်။
Ref: CNA