ဧပြီ၊ ၁၃
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းက ဇီးဖြူသောင်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ ညနေပိုင်းက အမည်မသိအဖွဲ့တခုက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာ ပြည်သူ့စစ်နှစ်ဦးအပါအဝင် အရပ်သားကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ညပိုင်းဝင်ပစ်တာ၊ အဲဒီမှာရှိနေတဲ့ ပြည်သူ့စစ်နှစ်ဦးလည်း သေတယ်။ ရုံးမှာ ထောက်ခံစာလာလုပ်တဲ့ ကောင်လေးလည်း သေတယ်။ အဲဒီမှာ စကားပြောနေရင်း ဝင်ပစ်တဲ့အချိန် သူလည်းရှိနေတော့ သူပါအပစ်ခံရပြီး ဆုံးသွားတာ ” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသွားတဲ့ အရပ်သားကလေးငယ်ဟာ အသက် ၁၄ နှစ်အရွယ် ရေးမြို့ခံ မောင်ငြိမ်းခန့်ကျော်ဖြစ်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
ဒီအုပ်ချုပ်ရေးရုံးတိုက်ခိုက်မှုကိုတော့ ရေးပြောက်ကျားတပ်ဖွဲ့ YGF က တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူစစ်နှစ်ဦးကို ရှင်းလင်းခဲ့ပြီး လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုလုပ်နေချိန် ပြည်သူ့စစ်အနီးမှာရှိနေတဲ့ အရပ်သားတဦးကို မှားယွင်းပစ်ခတ်မိတဲ့အတွက် အနူးအညွတ်တောင်းပန်ကြောင်းနဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေနဲ့ နီးနီးကပ်ကပ်မနေကြဖို့ကိုလည်း YGF အဖွဲ့က ဗိုလ်ကျန်ရစ်က သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်မှာလည်း ရေးမြို့နယ် အာယုတောင်ကျေးရွာအနားက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းကို ရေးဘီလူးအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့စစ် ၂ ဦးသေဆုံးကာ တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ရေးမြို့နယ်မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့တွေက လုံခြုံရေးကို ပိုမိုတင်းကြပ်ထားသလို လူအင်အားလည်း ပိုမိုဖြည့်တင်းထားကာ လှည့်ကင်းထွက်တာနဲ့ ရှာဖွေစစ်ဆေးတာတွေ ပိုမိုလုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ဒါ့အပြင် ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ မှားယွင်းပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေက မကြာခဏခပ်စိပ်စိပ်ဖြစ်ပွားလာနေတာကြောင့် ဒေသခံတွေက ကား၊ ဆိုင်ကယ်တွေနဲ့ အပြင်ထွက်သွားလာရာမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – YGF