စစ်နဲ့ ငြိမ်းချမ်းရေးကြား ထိုင်ဝမ် ရွေးချယ်ရတော့မယ်လို့ သမ္မတဟောင်းပြော

ဧပြီ၊ ၈

ထိုင်ဝမ်ဟာ စစ်နဲ့ ငြိမ်းချမ်းရေးကြား တခုကို ပြတ်ပြတ်သားသား ရွေးရမယ့် အချိန် ရောက်လာပြီလို့ တရုတ်ကို သမိုင်းဝင် ခရီးစဉ် သွားရောက်ခဲ့သူ သမ္မတဟောင်း မာယင်ဂျူက ပြောကြားလိုက်ပါတယ်။

မာဟာ မကြာသေးခင်က ထိုင်ဝမ် သမ္မတ တာဝန်ယူဖူးသူ တဦးအနေနဲ့ တရုတ်ကို ပထမဆုံး ခြေချဖူးသူ အနေနဲ့ သမိုင်းမှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ ကူမင်တန် ပါတီရဲ့ သမ္မတဟောင်းဟာ ဘိုးဘွားတွေရဲ့ သင်္ချိုင်းမြေကို ကန်တော့ဖို့အတွက် တရုတ်ကို ပြန်သွားခဲ့တာဖြစ်ပြီး တရုတ် အစိုးရကလည်း လိုလိုလားလား လက်ခံခဲ့ပါတယ်။

လက်ရှိ ထိုင်ဝမ် သမ္မတ ဆိုင်အင်ဝမ်က အမေရိကန်နဲ့ အလယ်ပိုင်း အမေရိက နိုင်ငံတွေဆီ သွားရောက်နေချိန်မှာ မာက တရုတ် ခရီးစဉ်ကို အကောင်အထည် ဖော်ခဲ့တာပါ။ တရုတ် ပြည်တွင်းစစ်နောက်ပိုင်း ထိုင်ဝမ် ခေါင်းဆောင် ဖြစ်ဖူးသူ တဦးက တရုတ်မြေကို ခြေချခဲ့တာကတော့ မာက ပထမဆုံးပါပဲ။

ကူမင်တန် ပါတီဟာ တရုတ်ကို လိုလားထောက်ခံကြောင်း စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုထားပေမယ့် အင်အား ပိုနည်းတဲ့ ထိုင်ဝမ်အနေနဲ့ တရုတ်လို စူပါပါဝါ နိုင်ငံကို ရန်လိုနေခြင်းက လက်တွေ့ မကျဘူးဆိုတဲ့ ပျော့ပျောင်းတဲ့ သဘောထားမျိုး ရှိနေပါတယ်။ ဒါပေမဲ့ လက်ရှိ ထိုင်ဝမ် အစိုးရကတော့ အတိုက်အခံ ကူမင်တန် ပါတီနဲ့ ဆန့်ကျင်ဖက်ဖြစ်ပြီး တရုတ်ကို တင်းတင်းမာမာ အာခံလိုတဲ့ အခြေအနေ ရှိပါတယ်။

မာကတော့ ဆိုင်ဦးဆောင်တဲ့ လက်ရှိ ထိုင်ဝမ် အစိုးရဟာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကျွန်းနိုင်ငံကို အန္တရာယ်တွေဆီ ဆွဲခေါ်နေတယ်လို့ ဝေဖန်ခဲ့ပါတယ်။ အခုဆိုရင် ထိုင်ဝမ်ဟာ အနာဂတ်အတွက် စစ်နဲ့ ငြိမ်းချမ်းရေး တခုခုကို ပီပီပြင်ပြင် ရွေးချယ်ရတော့မယ်လို့လည်း သူက ဆိုပါတယ်။

မာဟာ ထိုင်ဝမ် သမ္မတအဖြစ် ၂၀၀၈ ကနေ ၂၀၁၆ ထိ တာဝန်ယူခဲ့ဖူးပြီး သူ့လက်ထက်မှာ တရုတ်နဲ့ ဆက်ဆံရေးက အတော်လေး နွေးထွေးခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကျွန်းကို ပိုင်နက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် စစ်အင်အားသုံး တိုက်ခိုက် သိမ်းယူဖို့အထိ စိတ်ပိုင်းဖြတ်ထားကြောင်း မကြာခဏ ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ 

Ref: CNA