ဧပြီ၊ ၅
အိန္ဒိယ နိုင်ငံမှာ ဆီးနှင်း ပြိုကျမှုတွေကြောင့် ခရီးသွားပြည်သူ ၇ ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဧပြီ ၄ ရက်က အိန္ဒိယ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆစ်ခ်ကင်မ် ပြည်နယ်မှာ ဆီးနှင်းတွေ အကြီးအကျယ် ပြိုကျခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ နာသူလာ တောင်ကြားလမ်းမှာ ကားတွေ ဖြတ်မောင်းနေတဲ့အချိန် ဆီးနှင်းတွေ ပြိုကျပြီး ပိမိခဲ့ရာက လူ ၇ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း ကယ်ဆယ်ရေးတွေက ဆိုပါတယ်။
လူ ၂၀ လောက်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး ဒဏ်ရာရသူတွေထဲက တချို့ဟာ အခြေအနေ အတော်လေး ဆိုးတယ်လို့လည်း သိရပါတယ်။ ဆီးနှင်းပြိုကျတဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လက် ဆောင်ရွက်နေဆဲ ဖြစ်ပေမယ့် နောက်ထပ် ပြိုကျမှုတွေ ထပ်ကြုံမှာကိုလည်း စိုးရိမ်နေရပါတယ်။
အခုကာလမျိုးမှာ နာသူလာ တောင်ကြားတဝိုက် ဆီးနှင်းပြိုကျတာမျိုး ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အချိန်အခါ မဟုတ် မိုးရွာမှုတွေ၊ ဆီးနှင်း ထူထူထပ်ထပ် ကျဆင်းမှုတွေကြောင့် အခုလို အခြေအနေဆိုး ပေါ်ပေါက်လာတာလို့ မိုးလေဝသ ပညာရှင်တွေက ဆိုပါတယ်။
ဆစ်ခ်ကင်မ်မှာရှိတဲ့ လှပတဲ့ တောင်ပေါ်ရေကန် တခုဆီ သွားရောက် လည်ပတ်သူတွေဟာ အဲဒီ တောင်ကြားလမ်းကို ဖြတ်သွားရလေ့ ရှိပါတယ်။ လမ်းပေါ်ကို ဆီးနှင်းတွေ ပြိုကျခဲ့တဲ့နောက် ပိတ်မိနေတဲ့ ခရီးသွား ၃၅၀ နဲ့ ကား ၈၀ လောက်ကိုလည်း နာရီပေါင်း အတော်ကြာပြီးနောက်မှာ ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။
အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက ဆစ်ခ်ကင်မ်မှာ ဖြစ်ပွားတဲ့ ဆီးနှင်း ပြိုကျမှုတွေအတွင်း ထိခိုက်နစ်နာခဲ့သူ အားလုံးရဲ့ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း ကြေညာပါတယ်။ ပြီးတော့ အစိုးရ အနေနဲ့ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေကို အစွမ်းကုန် ပံ့ပိုး ကူညီသွားမယ်လို့လည်း မိုဒီက Twitterမှာ ရေးသားထားခဲ့ပါတယ်။
Ref: CNN