ဧပြီ၊ ၂
ဧရာဝတီတိုင်း ၊ဟင်္သာတမြို့နယ်မှာ ပြီးခဲ့တဲ့ မတ်လ ၂၉ ရက်တရက်ထဲမှာပဲစစ်ကောင်စီတပ်နဲ့ရဲအဖွဲ့တွေက နေအိမ်၅ လုံးကိုချိတ်ပိတ်ခဲ့ပြီး တမြို့လုံးမှာစစ်ကောင်စီချိတ်ပိတ်တဲ့ နေအိမ်အလုံး၄၀ ကျော်ထက်မနည်းအထိရှိနေတယ်လို့မြိုခံတွေကပြောပါတယ်။
ဟင်္သာတမြို့နယ်၊ကနောင်စုရပ်ကွက်နဲ့လယ်တီကွင်းရပ်ကွက်က နေအိမ် ၅ လုံးကို ချိပ်ပိတ်ခဲ့တာဖြစ်ပြီး နေအိမ်ပိုင်ရှင်တွေဟာ PDF ထောက်ပံ့နေတဲ့သူတွေလို့စစ်ကောင်စီကစွပ်စွဲတဲ့အတွက်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကနောင်စုရပ်ကွက်အတွင်းနေထိုင်သူတဦးကပြောပါတယ်။
” PDF ကိုထောက်ပံ့တယ်စွပ်စွဲပြီးအိမ်တွေကိုလိုက်ချိတ်ပိတ်သွားတယ်။ တကယ်တမ်းက Facebook ကနေလိုက်စုံစမ်းပြီးတော့မတရားလိုက်ဖမ်းနေကြတာ။ဘာမှလုပ်ထားတာမဟုတ်ဘူး။ ချိတ်ပိတ်ခံရတဲ့သူတွေလည်းအခုမနည်းရှောင်နေရတယ်” လို့သူကပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်နဲ့ရဲအဖွဲ့ဟာနေအိမ်တွေကိုချိတ်ပိတ်ခဲ့တဲ့အပြင်ကျန်ရှိတဲ့မိသားစုဝင်တွေကိုလည်း နေ့ချင်းပြောင်းရွှေ့ဖို့အတင်းအကျပ်လုပ်ကိုင်ခဲ့တယ်လို့လည်းမျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံတွေကဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ရဲအဖွဲ့ဟာနေအိမ်တွေကိုလာရောက်ချိတ်ပိတ်ကာနေအိမ်အတွင်းနေထိုင်သူမိသားစုဝင်တွေကိုအတင်းအကျပ်ဖယ်ရှားနေစဉ်အတွင်းရပ်ကွက်အတွင်းကနေထိုင်သူတွေအပေါ်ကို ခြိမ်းခြောက်ပြောဆိုတာတွေရှိခဲ့တယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတဦးကဆိုပါတယ်။
” အိမ်မှာနေတဲ့သူတွေကိုအတင်းပစ္စည်းတွေရွှေ့ခိုင်းတာ။ သူတို့ကသေနတ်တွေနဲ့အိမ်အနီးတဝိုက်ကိုလုံခြုံရေးယူပြီးမှချိတ်ပိတ်သွားတယ်။ ပြီးတော့ နောက်ထပ် ဆန့်ကျင်တဲ့သူတွေရှိရင် အိမ်တွေထပ်ချိတ်ပိတ်မယ်ဖမ်းမယ်ဆိုပြီးခြိမ်းခြောက်သွားတယ်” လို့သူကပြောပါတယ်။
စစ်အာဏာသိမ်းယူခဲ့တဲ့ ၂ နှစ်ဝန်းကျင် အတွင်းဟင်္သာတမြို့နယ်မှာ NLD ပါတီရဲ့တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးနဲ့ ရပ်ကျေးပါတီဥက္ကဌ တဦးတို့ရဲ့နေအိမ် ၂ လုံးအပါအဝင်စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်းပါဝင်ခဲ့လို့ထွက်ပြေးတိမ်းရှောင်နေရတဲ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊CDM ဝန်ထမ်းတွေနဲ့ PDF တွေကိုထောက်ပံ့တယ်လို့စွပ်စွဲကာ နေအိမ် အလုံး၄၀ ကျော်ထက်မနည်းချိတ်ပိတ်ထားပါတယ်။