ဟင်္သာတမှာ ကိုဗစ်လူနာ လေးဆယ်နီးပါးတွေ့ရှိ

Photo – CJ

ဧရာဝတီတိုင်းမှာ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၀ ရက်နေ့အတွင်း ကိုဗစ်အတည်ပြု လူနာသစ် ၅၀ ဦးတွေ့ရှိခဲ့ပြီး ဟင်္သာတခရိုင်က လူနာအများဆုံးလို့ တိုင်းကျန်းမာရေးရုံးက ဆရာဝန်တဦးက DNA ကိုပြောပါတယ် ။

ဟင်္သာတခရိုင် မှ (၃၇) ဦး ပုသိမ်ခရိုင်မှ (၅) ဦး မအူပင် ခရိုင်မှ( ၄) ဦး တွေ့ရှိခဲ့တာ ဖြစ်ပြီး ကိုဗစ်အတည်ပြုလူနာ အများစုဟာ စစ်ကောင်စီ ရဲ့ ကိုဗစ်ကာကွယ်ဆေး အပြည့်ထိုးပြီးသွားတဲ့ သူတွေအများစုပါတယ်လို့ သိရပါတယ်။

“ကာကွယ်ဆေး လုံးဝ မထိုး ထားသူ ၃ ဦးလောက်ပါတယ်၊ ကာကွယ်ဆေး အပြည့်ထိုးထားပြီးလို့ ရောဂါမဖြစ်ဘူးလို့ ကံသေကံမ ​ပြောလို့လည်း မရဘူး ဗီဇ မျိုးကွဲတွေ က ထပ်ပေါ်နေတယ် ကာကွယ်ဆေးထိုးထားရုံနဲ့ စိတ်ချနေလို့မရဘူး “လို့ တိုင်းကျန်းမာရေးရုံးက ဆရာဝန်တဦးက ပြောပါတယ်။

ဟင်္သာတမြို့က တိုင်းအတွင်းမှာ ကူးစက်မှု အများဆုံးဖြစ်ပြီး တွေ့ရှိရတဲ့ (၃၇) ယောက်လုံးကို သူနာပြုသင်တန်းကျောင်းက စစ်ဆေးတွေ့ရှိရတာလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦးက အတည်ပြုပေးပါတယ် ။

လက်ရှိ ကိုဗစ်အတည်ပြု လူနာတွေရဲ့ စစ်ဆေးမှု မှတ်တမ်းအရ ခရီးအသွားအလာ ရှိသူခဲ့သူ သုံးချိုးနှစ်ချိုး ပါဝင်ပြီး ရောဂါပြင်းထန်တဲ့ လက္ခဏာ မရှိဘူးလို့ သိရပါတယ် ။

ကိုဗစ် တတိယလှိုင်းမှာ စစ်ကောင်စီက ကိုဗစ်ရောဂါ ကာကွယ် ထိမ်းချုပ်ရေးမှာ အချိန်နဲ့ တပြေးညီ တုံ့ပြန်ရေး နည်းလမ်းကို ပစ်ပယ်ခဲ့လို့ လူသေဆုံးမှုများခဲ့တယ်လို့လည်း CDM ဆရာဝန်တဦးက ထောက်ပြပါတယ်။

“ကျန်းမာရေးဌာနက ထုတ်ပြန်တဲ့ စည်းကမ်းတွေကို မလိုက်နာရင် တာဝန်ရှိအဖွဲ့အစည်းတွေကလည်း ကာကွယ်ရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်ရင် ကူးစက်မှုက စိတ်ပူစရာ အခြေအနေတွေ ရှိလာနိုင်တယ်”လို့ ပြောပါတယ်။

ကိုဗစ်ရောဂါ တကျော့ပြန် ကူးဆက်မှု ဖြစ်လာချိန်မှာ စစ်ကောင်စီအနေနဲ့ လူစုလူဝေးတွေနဲ့ အခမ်းအနား ပွဲ လမ်းသဘင်တွေ လုပ်နေတာဟာ ကိုဗစ်ရောဂါ အလျှင်အမြန် ကူးဆက်အောင် လုပ်နေတာလို့ အရပ်ဖက် ကျန်းမာရေး စောင့်ရှောက်မှု အသင်းအချို့က ဝေဖန်ကြပါတယ်။

စီးပွားရေးကြပ်တည်းနေချိန်မှာ တိုင်းအတွင်းမှာ ကိုဗစ်ကူးဆက်မှု ပြန်လည်များပြား လာတဲ့အတွက် ဆေးကုသစားရိတ်တွေ ပိုမိုကုန်ကျမှာ ၊ အသွားအလာ ကန့်သတ်မှုတွေ လုပ်လာမယ်ဆိုရင် စီးပွားရေးပိုမို ကြပ်တည်းလာမှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။