နွေ၊ အယ်နီညို၊ ရေရှားပါးမှုနဲ့ မြန်မာ

မတ်၊ ၂၂

သန့်စင်ကောင်းမွန်တဲ့ ရေ မရရှိမှုကြောင့် ကလေးသူငယ် သေဆုံးမှုနှုန်း မြင့်တက်လာပြီး နှစ်စဉ် ကလေးငယ် လေးသိန်းခွဲ နီးပါးဟာ ဝမ်းပျက် ဝမ်းလျောရောဂါနဲ့ သေဆုံးနေကြရတယ်လို့ World Widlife Federation နဲ့ Healing Waters အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။

ဒီလိုမျိုး မသန့်ရှင်းတဲ့ရေ သောက်သုံးနေရမှုဟာ လက်ရှိမြန်မာနိုင်ငံမှာတော့ ဥတု သုံးလီစလုံး ကြုံနေရပါတယ်။ မိုးရေရှိနိုင်တဲ့ မိုးတွင်းလိုကာလမျိုးမှာလည်း စစ်ကြောင့်တိမ်းရှောင်ရင်း အသက်ရှင်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြရသူတွေဟာ ရေရဲ့ သန့်ရှင်းမှုကို အများကြီး မေးခွန်းမထုတ်နိုင်ခဲ့ကြပါဘူး။

ယခုနှစ်မှာတော့ ပုံမှန်မဟုတ်တဲ့ အပူလွန်ကဲမှု အယ်နီညိုဖြစ်စဉ်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက မတ်လဆန်းပိုင်းကတည်းက သတိပေးမှုတွေ ပြုလုပ်နေကြပါတယ်။

ဒီအယ်နီညိုကာလဟာ ဧပြီကနေ အောက်တိုဘာလအထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။ အပူချိန်လွန်ကဲခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မိုးခေါင်လွန်းခြင်း၊ သောက်သုံးရေရှားပါးခြင်း တို့ကိုဖြစ်ပေါ်စေနိုင်ပါတယ်။

ဒီဒဏ်တွေကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသကလူတွေကို ထိခိုက်နိုင်တယ်လို့  မိုးဇလပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးခေါင်ရေရှားရပ်ဝန်းဒေသ တနည်းအားဖြင့် အညာမှာက တိုက်ပွဲတွေပြင်းထန်နေတဲ့အပြင် ဆက်သွယ်ရေးကွန်ရက်တွေကို ဖြတ်တောက်ထားတာ၊ အစစ အရာရာ သယ်ယူပို့ဆောင်ရေး ခက်ခဲတာတွေဖြစ်ပေါ်နေပါတယ်။

“ ဘုတလင်၊ ခင်ဦး၊ ရေဦးတွေမှာ ရေရှားနေပြီ။ ရေရှားတယ်ဆိုတာက စစ်ရှောင်နေရလို့ အရင်က ဆည်ရေကိုခွဲတမ်းနဲ့သုံးလို့ရပေမယ့် အခုက ရေသွားခပ်လို့ စစ်ကြောင်းနဲ့တိုးရင် အဖမ်းခံရတာတွေရှိနေတယ်။ အဲ့တော့ ရှိနေတဲ့နေရာကနေ မသွားရဲတော့ လူရှိတဲ့နေရာ ရေမရှိဘူးဖြစ်နေတာပေါ့ ” လို့ အဲ့ဒီနယ်တွေက စစ်ရှောင်တွေကို ကူညီထောက်ပံ့ရေး လုပ်ဆောင်နေတဲ့ မမြလေးက DNA ကိုပြောပါတယ်။

ပုံမှန်အားဖြင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီတွေမှာ ရေရှားပါးမှုတွေ မြင့်တက်လာတတ်ပြီး သောက်သုံးဖို့အတွက် ရရာရေကို သုံးစွဲရတာကြောင့် ဝမ်းပျက်ဝမ်းလျောနဲ့ အသဲယောင်အသားဝါ (ဘီ) ပိုးအပါအဝင် နောက်ဆက်တွဲဆိုးကျိုး အများကြီးကို ခံစားရလေ့ရှိပါတယ်။

“ ဆောတို့ ယောတို့မှာ  ပြီးခဲ့တဲ့နှစ်က ဆုံးတာတွေရှိတယ်။ ချင်း ကန်ပက်လက် ဘက်မှာလည်း ဝမ်းပျက်တာတွေရော ဆီးလမ်းကြောင်း ပိုးဝင်တာတွေရော အရေပြားရောဂါတွေရော ဖြစ်နေကြတယ်။ ဒါတွေအကုန်လုံးက ရေ မသန့်ရှင်းတာက အဓိက အကြောင်းရင်းဖြစ်တယ်။ ဒါတွေကို ကာကွယ်လို့ရပေမယ့် ကာကွယ်ဆေးတွေကလည်း အလွယ်တကူ မရနေဘူး” လို့ ထီးလင်းနယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆရာမ ချိုနွယ် က DNA ကိုပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ကရင်နီ၊ ချင်း နဲ့ ကရင် ပြည်နယ်တွေမှာ ပြီးခဲ့ ၂၀၂၂ ခုနှစ် ၊နှစ်ကုန်ပိုင်းကစပြီး ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်လာခဲ့ပြီး ယခုနှစ် ပွင့်လင်းရာသီမှာတော့ ပိုဆိုးလာနိုင်တယ်လို့ အဲ့ဒီဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေကြသူတွေက ဆိုပါတယ်။

ချင်းပြည်နယ်၊ ကန်ကပက်လက်မှာတော့ ဝမ်းပျက်ဝမ်းလျောမှုကြောင့် ကလေးငယ် သေဆုံးမှုတွေ ရှိလာနေပါပြီ။

မြန်မာနိုင်ငံရဲ့ ပထဝီဝင်အနေအထားအရ နွေရာသီမှာ ရေရှားတဲ့ ဒေသတွေထဲမှာ တောင်ပေါ်ဒေသတွေလည်း ပါဝင်ပါတယ်။ သစ်တောပြုန်းတီးမှုတွေကြောင့် ပိုမိုဆိုးဝါးလာတဲ့ ရေရှားပါးလာမှုဟာ ချင်းပြည်နယ်၊ ကရင်နီနယ်တွေမှာလည်း ရှိနေပါတယ်။

“ ကျွန်မတို့ဆီမှာ သစ်တောတွေပြုန်းတီးလို့ မိုးခေါင်ရေရှားပြီး လူတွေသေကြတဲ့ ဖြစ်ရပ်တွေရှိတယ်ပေါ့နော်။ ဒါကြောင့် ရေပြန်ရနိုင်ဖို့ သစ်တောတွေ စိမ်းလန်းဖို့ ပြန်လုပ်ရတာ ဖြစ်တယ်ပေါ့နော်။ အခု အဲ့လိုအခြေအနေတွေ ပြန်ရင်ဆိုင်ရဖို့ ရှိနေပြီ ” လို့ စိမ်းလန်းမြေ ရဲ့ ဦးဆောင်သူ မထူးမေက ပြောပါတယ်။

ကရင်နီဒေသဟာ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းပစ်ခတ်မှုတွေ အပါအဝင် အင်အားသုံးစစ်ကြောင်းထိုးမှုတွေ ပြုလုပ်နေသလို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ မရှိချိန်တွေမှာလည်း စစ်ရှောင်စခန်းတွေဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ လုပ်လေ့ရှိပါတယ်။

ဒါကြောင့် စစ်ရှောင်နေရတဲ့သူတွေဟာ အကြိမ်ကြိမ်စစ်ရှောင်နေရတဲ့ အခြေအနေဖြစ်နေပြီး နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့ ပြဿနာတွေ အများကြီးထဲမှာ သန့်ရှင်းတဲ့ “ ရေ ”၊ လုံလောက်တဲ့ “ ရေ ”မရှိမှုဟာလည်း ကဏ္ဏတစ်ခုအနေနဲ့ ပါဝင်လာပါတယ်။

“ တကယ်တော့ နွေမှာရေရှားတာက ရန်ကုန်နဲ့ မန္တလေးလိုနေရာတွေမှာလည်း ရှိပါတယ်။ အခုဆိုရင် ဒလဘက်ကို ရေတွေလှူရတာတွေလုပ်နေရပြီ။ လှိုင်သာယာလိုမျိုး လူဉီးရေထူထပ်တဲ့ နေရာတွေမှာလည်း သောက်ရေအတွက် ရေအရမ်းရှားနေပြီ ” လို့ နှစ်စဉ်ရေလှူဒါန်းမှုတွေလုပ်နေတဲ့ ရန်ကုန်က ပရဟိတလုပ်ဆောင်နေသူ တဦးက ပြောပါတယ်။

သူက ပုံမှန်ရေရှားတဲ့ ရပ်ကွက်တွေသာမက လျှပ်စစ်မီးလာမှ ရေ သုံးလို့ရတဲ့ မြို့ပြမှာလည်း မီးမမှန်တာနဲ့ မီးအားမပြည့်တာတွေကြောင့် ရေကို ချွေတာသုံးစွဲနေရတယ်လို့ ထပ်လောင်းပြောပြပါတယ်။

လတ်တလောမှာ တိုက်ပွဲတွေ မရှိနေပေမယ့် ယခင်ကတည်းက ရှောင်တိမ်းနေခဲ့ရတဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်းတွေမှာလည်း ရေ ရှားပါးမှုတွေဖြစ်ပေါ်နေပါတယ်။

စစ်ကောင်စီကတော့ စစ်တွေမြို့နယ်ထဲက နေရာတချို့မှာ ရေ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်နေပေမယ့် ဒေသခံတွေကတော့ အဆင်ပြေဖို့ ယုံကြည်ချက်မရှိဘူးလို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ပြီးခဲ့တဲ့ အရပ်သား အစိုးရလက်ထက်တလျှောက် ကျေးလက်နေ ပြည်သူတွေပါ သန့်ရှင်းကောင်းမွန်တဲ့ သောက်သုံးရေ ရရှိဖို့ အစိုးရနဲ့ ပြည်တွင်း ပြည်ပ အလှူရှင်တွေ ပူးပေါင်းပြီး အင်တိုက်အားတိုက် ကြိုးစားခဲ့ကြပါတယ်။

ပုံမှန်ရေရှားတဲ့ ဒေသတွေမှာ ရေသိုလှောင်ကန်တွေနဲ့ ရေတွင်းတွေ တူးဖော်တာတွေ ပြုလုပ်ခဲ့ကြပေမယ့် အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလကိုရောက်လာချိန်မှာတော့ ဒီဒေသကလူတွေဟာ ရေရှား ရုံမျှမကပဲ အိုးအိမ်နဲ့ အသက်တွေပါ ဆုံးရှုံးနေရပါတယ်။

“ရေ” ရရှိ‌ရေးဟာ လူသားတိုင်းအတွက် အခြေခံလိုအပ်ချက်ဖြစ်ပြီး အခြေခံရပိုင်ခွင့်လည်း ဖြစ်ပါတယ်။

“လူသားတိုင်းအတွက်သောက်သုံးနိုင် (သန့်ရှင်း)တဲ့ ရေရရှိရေးဟာ တစ်ကမ္ဘာလုံးဆိုင်ရာ အခြေခံ လိုအပ်ချက် ဖြစ်ပါတယ်” လို့ ပုပ်ရဟန်းမင်းကြီးဖရန်စစ် က ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်နေ့မှာ ကျ‌ရောက်ခဲ့တဲ့ “ကမ္ဘာ့ရေနေ့”မှာ ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးပြောကြားခဲ့တဲ့ ဒီစကားဟာ ဒီကနေ့ ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့ “ကမ္ဘာ့ရေနေ့”မှာ ၂ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။

ဒါဟာ အာဏာသိမ်းပြီး ၂ နှစ်ကျော်ကာလလည်းဖြစ်ပါတယ်။

ဒီအချိန်မှာ မြန်မာနိုင်ငံတွင်းက တောင်ပေါ်၊ မြေပြန့်၊ ကျေးလက်၊ မြို့ပြ၊ တိုက်ပွဲရှိရာ ဒေသ၊ တိုက်ပွဲမရှိရာဒေသ ဘယ်နေရာမှာမဆို သန့်ရှင်း ကောင်းမွန်တဲ့ “ရေ” ရရှိနိုင်ဖို့ အခွင့်အရေးတွေဟာ တစထက် တစ ဆုတ်ယုတ်လာနေပြီဆိုတာကို မြင်တွေ့နေရပါတယ်။

ဒီလိုဆုတ်ယုတ်လာခြင်းရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးတွေကလည်း အသက်သေဆုံးတဲ့အထိ ဖြစ်လာနေပါပြီ။

ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ကိုဖိုးဇော်ကတော့ “ ကျွန်တော်တို့ကတော့ ကျည်ဆံနဲ့ လက်နက်ကြီးတွေကြားမှာပဲ ရေ ရရှိဖို့ကို ကြိုးစားကြရပါတယ်။ ရေ အသက်တမနက် လို့ဆိုထားတယ်မလား။ ဒါပေမယ့် ဘယ်အချိန်သေမလဲမသိတဲ့ နေရာမှာ သန့်လား မသန့်လား ဂျီးမများအားဘူးပေါ့ဗျာ ” တဲ့။


ဓာတ်ပုံ – Social Media