ပြိုင်ဘက် ဂိုးသမားကို ရန်ပြုတဲ့ ပီအက်စ်ဗီ ပရိသတ် နှစ် ၄၀ ကွင်းဝင်ခွင့် ပိတ်ခံရ

မတ်၊ ၂၁

ကွင်းထဲကျူးကျော် ဝင်ရောက်ပြီး ပြိုင်ဘက် ဂိုးသမားကို ကိုယ်ထိလက်ရောက် ရန်ပြုခဲ့တဲ့ အသင်း ပရိသတ် တဦးကို နယ်သာလန်ကလပ် ပီအက်စ်ဗီ အိုင်ဟိုဗန်က နှစ်ပေါင်း ၄၀ ကွင်းဝင်ခွင့် ပိတ်ပင်လိုက်ပါတယ်။

 အသက် ၂၀ အရွယ် လူငယ်ဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ် ပွဲစဉ်မှာ စပိန်ကလပ် ဆီဗီးလား အသင်းရဲ့ ဂိုးသမား မာကို ဒီမစ်ထရိုဗစ်ကို ကွင်းထဲထိ ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ရပ်က ပြစ်မှု ထင်ရှားတာကြောင့် နယ်သာလန် အမျိုးသား အားကစားရုံကြီးထဲ ဝင်ရောက်ခွင်လည်း ပိတ်ပင်ခံထားရပြီး ဖြစ်သလို ထောင်ဒဏ် ၃ လ ပြစ်ဒဏ် ချမှတ် ခံခဲ့ရပါတယ်။

 ပီအက်စ်ဗီက သူ့ကို ကွင်းထဲ ဝင်ရောက်ခွင့် နှစ် ၄၀ ပိတ်ပင်ခဲ့သလို တရားရုံးကလည်း အဲဒီ လူငယ် အနေနဲ့ ပီအက်စ်ဗီ အသင်းပိုင် ဖိလစ် ဘောလုံးကွင်းကြီး တဝိုက်မှာ ၂ နှစ် ခြေမချဖို့ အမိန့်ထုတ်ထားပါတယ်။ ပီအက်စ်ဗီက ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျူးလွန်သူဆီက နစ်နာကြေး ပြန်လည် တောင်းယူဖို့လည်း စဉ်းစားနေကြောင်း ပြောပါတယ်။

 ပီအက်စ်ဗီ အသင်းဟာ ပရိသတ်တွေကို နိုင်နိုင်နင်းနင်း မကွပ်ကဲနိုင်ဘူးဆိုတဲ့ စွပ်စွဲချက်အရ ဥရောပ ဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ)ရဲ့ ပြင်းထန်တဲ့ ဒဏ်ကြေးငွေမျိုးနဲ့ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

 ဖေဖော်ဝါရီ လကုန်ပိုင်းက ပွဲစဉ်မှာ အဲဒီ ပရိသတ်ဟာ ဆာဘီးယားသား ဒီမစ်ထရိုဗစ်ရဲ့ နောက်ဖက်နားက ချဉ်းကပ်ပြီး မျက်နှာကို လက်သီးနဲ့ ထိုးခဲ့တာ ဖြစ်ပါတယ်။ နောက်တော့ ပရိသတ်နဲ့ ဂိုးသမားတို့ လုံးထွေးနေခဲ့ကြပြီး ကွင်းလုံခြုံရေးတွေက ကျူးလွန်သူကို ဆွဲထုတ်သွားခဲ့ပါတယ်။

 ဒီမစ်ထရိုဗစ်ဟာ ဆီဗီးလား အသင်းက ၂-၀ နဲ့ ရှုံးနိမ့်တဲ့ ပွဲစဉ်မှာ ပွဲပြီးတဲ့ထိ ဆက်ကစားနိုင်ခဲ့ပါတယ်။ အဲဒီပွဲ ရှုံးပေမယ့် နှစ်ကျော့ပေါင်းရလဒ် ၃-၂ နဲ့ ဆီဗီးလားက နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့ပါတယ်။

 ယူရိုပါလိဂ် ချန်ပီယံဆုကို ၆ ကြိမ်ထိ ဆွတ်ခူး ရရှိဖူးတဲ့ စပိန်ကလပ်ဟာ အခုအခါမှာတော့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိနေပြီး အင်္ဂလန် နာမည်ကြီး မန်ချက်စတာ ယူနိုက်တက်နဲ့ တွေ့ဆုံနေပါတယ်။