ဆိုးသွမ်းပရိသတ်တွေကို ကွင်းဝင်ခွင့် ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ အေဇီ အယ်လ်ခမာအသင်း ချမှတ်

မေ၊ ၂၇

ယူရိုပါ ကွန်ဖရင့်လိဂ် ပြိုင်ပွဲမှာ ပြိုင်ဘက်အသင်းရဲ့ ပရိသတ်တွေကို ရန်မူ တိုက်ခိုက်ခဲ့တဲ့အတွက် ပရိသတ် ၄၀ ကျော်ကို ကွင်းဝင်ခွင့်ပိတ်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခဲ့ကြောင်း နယ်သာလန် ဘောလုံးကလပ်​ အေဇီ အယ်လ်ခမာက ကြေညာခဲ့ပါတယ်။

မကြာသေးမီက ယှဉ်ပြိုင်ခဲ့တဲ့ ယူရိုပါ ကွန်ဖရင့်လိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့ ပွဲစဉ်မှာ အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် ဝက်စ်ဟမ်း ယူနိုက်တက် အသင်းက အယ်လ်ခမာကို နယ်သာလန်မြေမှာ ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ ဝက်စ်ဟမ်းဟာ နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ အသာစီးယူပြီး ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။

အဲဒီပွဲ အပြီးမှာ နယ်သာလန် ကလပ်ရဲ့ ပရိသတ် တော်တော်များများဟာ ဧည့်သည်အသင်းရဲ့ မိသားစုဝင်တွေ လာရောက် အားပေးနေတဲ့ နေရာကို ပြေးသွားပြီး ရန်မူ တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်း ပရိသတ်တွေကြားမှာ လတ်တလော ရေပန်းစားနေတဲ့ ပရိသတ် တဦးရဲ့ အနာခံပြီး ခုခံမှုရယ်၊ ဝက်စ်ဟမ်း ကစားသမားတွေ ကိုယ်တိုင်က မိသားစုဝင်တွေကို ကာကွယ်ဖို့ ကြားဝင်လာတာရယ်ကြောင့် အိမ်ရှင် အစွန်းရောက် ပရိသတ်တွေရဲ့ ရန်လို တိုက်ခိုက်မှုက မအောင်မြင်ခဲ့ပါဘူး။

ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က အခုဖြစ်စဉ်ကို ဆန်းစစ်နေပြီး အရေးယူမှုတွေ လုပ်ဆောင်လာမယ့် အလားအလာ ရှိနေပါတယ်။ ဒီအတောအတွင်း အယ်လ်ခမာ အသင်းက ပရိသတ် ၄၃ ဦးကို အားကစားကွင်းထဲ ဝင်ရောက် အားပေးခွင့် ပိတ်ပင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီ ပရိသတ်တွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရုပ်ပျက်ဆင်းပျက် ဖြစ်စဉ်မှာ ပါဝင်ခဲ့ပြီး ဧည့်သည်အသင်း ပရိသတ်တွေကို ခြိမ်းခြောက်ခဲ့ကြောင်း၊ နောက်ထပ်လည်း ကွင်းဝင်ခွင့်ပိတ်တဲ့ ပြစ်ဒဏ်တွေ ထပ်မံ သတ်မှတ်ဖွယ်ရှိကြောင်း အယ်လ်ခမာ အသင်းက ထုတ်ပြန်ပါတယ်။

ဒီပြဿနာအပြီး အခုသီတင်းပတ်ကုန်မှာ အယ်လ်ခမာနဲ့ အိုင်းယက်စ် အမ်စတာဒမ်တို့ ယှဉ်ပြိုင်ကစားမယ့် နယ်သာလန် အမှတ်ပေး ပွဲစဉ်ရဲ့ လုံခြုံရေး ကဏ္ဍအတွက်ပါ အကျေအလည် ဆွေးနွေးမှုတွေ လုပ်ဆောင်နေရပါတယ်။

ဝက်စ်ဟမ်းဟာ ယူရိုပါ ကွန်ဖရင့်လိဂ် ဗိုလ်လုပွဲစဉ်ကို တက်ရောက်ခဲ့တဲ့နောက် ဇွန်လ ၇ ရက်ကျရင် ချက်နိုင်ငံ၊ ပရက်ဂ်မြို့မှာ ချန်ပီယံ ဆုဖလားကြီးကို အီတလီကလပ် ဖီအိုရင်တီးနားနဲ့ အပြိုင်လုရပါမယ်။ ဒါဟာ ဝက်စ်ဟမ်း အတွက်တော့ ၁၉၇၆ ခုနှစ်နောက်ပိုင်း ဥရောပအဆင့် ပြိုင်ပွဲတခုရဲ့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

 

Ref: BBC