ရာဇဝတ်ကောင်တွေကို မြန်မာနိုင်ငံဖက် တွန်းပို့နေတဲ့ တရုတ် နယ်ခြားစည်းရိုးများ

မေ၊ ၂၇

(လျှပ်စစ်ဓာတ် လွှတ်ထားပြီး အပေါ်ပိုင်းမှာ ထက်မြေ့နေတဲ့ ဆူးကြိုးခွေတွေ၊ လုံခြုံရေး ကင်မရာတွေ တပ်ဆင်ထားတဲ့ စည်းရိုးတွေကြောင့် ရာဇဝတ်ကောင်တွေဟာ ကျက်စားရမယ့် နယ်မြေ အသစ်ကို မဖြစ်မနေ ရှာဖွေလာရပါတော့တယ်)

မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ် မြောက်ပိုင်းကို သူရောက်လာတဲ့ အချိန်တုန်းက အသက် ၁၉ နှစ်အရွယ် ဗီယက်နမ်မလေး ဒီယက်ပ်ဟာ အလုပ်ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ပါ။ လက်တွေ့မှာကျတော့ သူဟာ လူကုန်ကူး ခံလိုက်ရပြီဖြစ်ကြောင်း ဒီယက်ပ်တယောက် အချိန်နှောင်းမှ သိသွားရှာပါတော့တယ်။

အခန်းကျဉ်းလေးထဲမှာ သူက တယောက်တည်း ပိတ်လှောင် ခံထားရပြီး တခြားသူတွေရဲ့ အသံတွေကို ကြားရပေမယ့် သူတို့ကိုတော့ မမြင်ရပါဘူး။ နောက်ပြီး ဒီယက်ပ် အိမ်ကို လက်နက်ကိုင် အစောင့်တွေက စောင့်ကြပ်နေပါတယ်။

တကယ်တော့ ဒီယက်ပ်ဟာ ကျပ်တည်းလှတဲ့ မိသားစုအတွက် စားဝတ်နေရေး ကူညီ ဖြေရှင်းပေးဖို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ ကြိုးစားပေးချင်ခဲ့သူ ဖြစ်ပါတယ်။

မောင်နှမ ၅ ယောက်ရှိပြီး ဆင်းရဲ နုံချာလှတဲ့ မိသားစု တခုကနေ ဒီယက်ပ် ကြီးပြင်းလာခဲ့ပါတယ်။ သူ့မိဘတွေက သားသမီးတွေအတွက် ပညာရေးစရိတ် ဆက်ပြီး မတတ်နိုင်တော့တဲ့အခါ အသက် ၁၄ နှစ် အရွယ်မှာ ဒီယက်ပ်က ကျောင်းထွက်ပြီး စက်ရုံတခုမှာ အလုပ်ဝင်လုပ်ခဲ့ရပါတယ်။ ၃ နှစ် ကြာပြီးတဲ့အခါ သူဟာ ဟိုချီမင်းစီးတီး မြို့ထဲက အဝတ်အထည် စတိုးတွေနဲ့ စားသောက်ဆိုင်တွေဆီ လှည့်လည်ပြီး အလုပ်လုပ်နေရပါပြီ။ ဒါပေမဲ့ လစာတွေက နည်းပြီး သူ့ရဲ့ ဝင်ငွေက ထင်သာမြင်သာ တိုးလာတယ်ရယ်လို့ကို မရှိပါဘူး။

၂၀၁၉ မှာတော့ သူဟာ သူငယ်ချင်း တယောက်ရဲ့ မိတ်ဆွေ ဆိုသူနဲ့ Facebookကနေ အဆက်အသွယ် ရလာခဲ့ပါတယ်။ အဲဒီလူက ဒီယက်ပ်ကို မြန်မာနိုင်ငံမှာ အလုပ်သွားလုပ်မလား ဆိုပြီးတော့ ကမ်းလှမ်းတယ်။ အဲဒီ အမျိုးသားနဲ့ အကြိမ်အတော်များများ ဆွေးနွေးပြီးတဲ့နောက် ဒီယက်ပ်က လစာကောင်းမယ့် စားပွဲထိုးမယ် အလုပ်ကို စွန့်စား ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အဲဒီနောက် သူဟာ အဲဒီ အမျိုးသားနဲ့အတူ မြန်မာနိုင်ငံကို လေယာဉ်စီးပြီး ဆိုက်ရောက်လာပါတော့တယ်။

“ရလာတဲ့ အခွင့်အရေးက သိပ်မက်မောဖို့ ကောင်းတယ်လေ။ ကျွန်မ ပိုက်ဆံစုမယ်။ မိဘတွေဆီကို ပြန်ပို့မယ်။ သူတို့အတွက် အဝတ်အစား အသစ်တွေလည်း ဝယ်ပေးနိုင်တော့မယ်”လို့ ဒီယက်ပ်က ဆိုတယ်။

လေဆိပ်ရောက်ပြီးတဲ့ အခါမှာ ဒီယက်ပ်ဟာ နောက်ထပ် ၂၄ နာရီလောက် ကားအဆင့်ဆင့်စီးပြီး မြန်မာနိုင်ငံရဲ့ မြို့ရွာအနှံ့ကို ဖြတ်သန်းခဲ့ရပြန်တယ်။ နောက်တော့ ရှမ်းပြည်နယ်ကို ရောက်လာခဲ့ပါတယ်။ 

အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ခံထားရတဲ့နောက် သူဟာ လိင်အလုပ်သမ တဦးအဖြစ် ဖောက်သည်တွေကို ဖျော်ဖြေရမယ်လို့ အသိပေးခံရပြီး ဒီယက်ပ်က အကြောက်အကန် ငြင်းဆိုခဲ့ပါတယ်။ သူက ပြည့်တန်ဆာ မဖြစ်ချင်ဘူးလေ။

ဒါပေမဲ့ သူရှိနေတဲ့ အိမ်ကို စောင့်ကြပ်နေတဲ့ အမျိုးသားတွေက အခန်းထဲ ဝင်လာပြီး မုဒိမ်းကျင့်ခဲ့တဲ့ နောက်မှာတော့ ဒီယက်ပ် စိတ်လျှော့လိုက်ရပါတော့တယ်။ တကယ်လို့ သူတို့ခိုင်းတဲ့ လိင်အလုပ်သမ ဘဝကို လက်မခံရင် ပြစ်ဒဏ်အနေနဲ့ နေ့တိုင်း မုဒိမ်းကျင့် ခံရမယ်လို့ သူ့ကို ချုပ်နှောင်ထားသူတွေက ခြိမ်းခြောက်ခဲ့တာကြောင့်ပါ။

အခုအခါမှာတော့ ဒီယက်ပ်ဟာ အိမ်ကြီးထဲမှာ ရှိနေတဲ့ တခြားအမျိုးသမီး တချို့နဲ့ ထိတွေ့ ဆက်ဆံခွင့် ရလာပါပြီ။ အဲဒီထဲက တချို့က သူ့လိုပဲ ဗီယက်နမ်ကနေ ရောက်လာကြတာပါ။ ပြီးတော့ ဒီယက်ပ်တို့ မိန်းကလေး တသိုက်ကို မက်သာမက်ဖတမင်း မူးယစ်ဆေးတွေ အတင်း တိုက်ကျွေးလေ့ ရှိပါတယ်။ သူတို့ကို ဖမ်းဆီးထားသူတွေ ပြောတာက အဲဒီဆေးတွေက မိန်းကလေးတွေကို ပိုပြီး ခံနိုင်ရည် အားကောင်းစေတဲအပြင် လိင်စိတ် နိုးကြွစေတယ် ဆိုပြီးတော့ပါ။

ဒီယက်ပ်က အစောပိုင်းမှာ ထွက်ပြေးဖို့ ကြံစည်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီ စိတ်ကူးက ဘယ်လောက်တောင် အန္တရာယ် ကြီးနိုင်သလဲ ဆိုတာကို သူရိပ်မိလာတယ်။ အခန့်မသင့်ရင် အသတ်ပါ ခံရနိုင်တာကြောင့်ပါ။

“ကျွန်မ ဘဝကြီး ဒီလို ဖြစ်သွားမယ်လို့ ယောင်လို့တောင် မတွေးမိခဲ့ဖူးဘူး။ ကျွန်မ မက်ဖူးသမျှ အဆိုးတကာ့ အဆိုးဆုံး အိပ်မက်မျိုးထဲမှာတောင် ဒီလို ဆိုးရွားလှတဲ့ ဘဝမျိုးအကြောင်း မပါခဲ့ဘူး”လို့ သူက ညည်းညူပါတယ်။

တနေ့ကျတော့ ဟနွိုင်းမြို့မှာ အခြေစိုက်ပြီး လူမှောင်ခို သားကောင်တွေကို ကူညီ ကယ်ဆယ်ပေးနေတဲ့ Blue Dragon ကလေးများ ဖောင်ဒေးရှင်းရဲ့ အကူအညီကြောင့် ဒီယက်ပ်နဲ့ သိကျွမ်းတဲ့ ဘဝတူ မိန်းကလေးတယောက် လွတ်မြောက်သွားခဲ့တယ်။

အဲဒီအချိန်တုန်းက ဒီယက်ပ်ဟာ ဖုန်းအသုံးပြုခွင့် ရနေပါပြီ။ ဒါကြောင့်လည်း ဖောင်ဒေးရှင်းက သူလွတ်မြောက်နိုင်အောင် အစီအစဉ်တွေ ရေးဆွဲပြီး ကူညီပေးခဲ့ပါတယ်။ ဗီယက်နမ်ကို ပြန်ရောက်လာတော့ ဒီယက်ပ်ရဲ့ အသက်က ၂၂ နှစ် ရှိနေပါပြီ။ သူဟာ လိင်ကျေးကျွန် တဦးရဲ့ နာကျင် ကြေကွဲစရာ ဘဝမျိုးကို ၃ နှစ်ကြာအောင် ဖြတ်သန်းခဲ့ရပါတယ်။

“ကျွန်မ လွတ်လပ်ပြီ၊ အိမ်ပြန်ရောက်ပြီ၊ မိဘတွေနဲ့ တွေ့ခွင့်ရတော့မယ်ဆိုတဲ့ အတွေးက နာကျင်မှုတွေ အားလုံးကို ပျောက်ကွယ်သွားစေသလိုပါပဲ။ ကျွန်မ မယုံကြည်နိုင်လောက်အောင် ဖြစ်ပြီး တုန်လှုပ်နေခဲ့မိတယ်”လို့ ဒီယက်ပ်က ဖွင့်ဟပါတယ်။

“တခါတလေတော့လည်း ကျွန်မ ကြုံတွေ့ ဖြတ်သန်းခဲ့တာတွေက အိပ်မက်ဆိုး တခုပဲ ဖြစ်မှာပါလို့ တွေးမိတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လာတဲ့ထိ အဲဒီ အိပ်မက်ဆိုးကြီးက ပြန်ပြန် ခြောက်လှန့်နေတုန်းပါပဲ။ အဲဒီ ဘဝကြီးထဲမှာ ကျွန်မရဲ့ စိတ်က ပိတ်မိနေတုန်းပဲ။ မွန်းကျပ်နေတုန်းပဲ”လို့လည်း သူက ဆက်ပြောပါတယ်။

Blue Dragon ဖောင်ဒေးရှင်းကတော့ ဒီယက်ပ် အပါအဝင် မိန်းကလေးတွေကို ဘယ်လို နည်းလမ်းတွေနဲ့ ကယ်ထုတ်ခဲ့သလဲ ဆိုတာကို အတိအကျ ဖွင့်ချမပြနိုင်ကြောင်း ပြောပါတယ်။ အကြောင်းကတော့ အဲဒီနည်းလမ်းတွေသာ လူသိရှင်ကြား ဖြစ်သွားရင် နောက်ထပ် လူကုန်ကူးခံ ဗီယက်နမ် မိန်းကလေးတွေကို ကယ်ထုတ်ဖို့ ခက်သွားမှာ စိုးရိမ်ရလို့ပါ။ တကယ်တော့ ဒီယက်ပ် ကြုံရတဲ့ ဖြစ်စဉ်ဟာ ဗီယက်နမ်မှာ သိပ်တောင် မထူးတော့ဘူးလို့ သတ်မှတ်နိုင်ပါတယ်။ ဖောင်ဒေးရှင်းရဲ့ အဆိုအရ ဗီယက်နမ် မိန်းကလေးတွေနဲ့ အမျိုးသမီးတွေ မြန်မာနိုင်ငံထဲ လူကုန်ကူး ပို့ဆောင်ခံရတဲ့ အရေအတွက်က သိသိသာသာ မြင့်တက်လာတယ်လို့ သိရပါတယ်။

အရေးကြီးတာက အဲဒီလို လူကုန်ကူးမှု လုပ်ငန်းတွေရဲ့ အရွေ့က တရုတ်ဟာ နိုင်ငံတောင်ပိုင်းမှာ ရှည်လျားတဲ့ နယ်စပ် စည်းရိုးကြီး တည်ဆောက်နေမှု စီမံကိန်းနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။ တရုတ်နိုင်ငံ တောင်ပိုင်းက ဗီယက်နမ်၊ လာအို၊ မြန်မာတို့နဲ့ နယ်စပ်တလျှောက် တည်ဆောက်နေတဲ့ စည်းရိုးကြီးမှာ လျှပ်စစ်ဓာတ် လွှတ်ထားပြီး ၁၀ ပေ မြင့်ပါတယ်။ ထိပ်ပိုင်းမှာ ထက်မြေ့နေတဲ့ ဆူးကြိုးခွေတွေ တပ်ဆင်ထားပြီး လှုပ်ရှားမှုကို အာရုံခံနိုင်တဲ့ စနစ်တွေနဲ့ပါ စောင့်ကြည့်နေမှာပါ။ စည်းရိုးရဲ့ အရှည်က ကီလိုမီတာ ၁၀၀၀ ကျော်လောက် အနည်းဆုံး ရှိပါတယ်။ ဒါဟာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေကို ဟန့်တားဖို့ တရုတ် အစိုးရက ထင်သာမြင်သာ အားထုတ်လာတဲ့ အထောက်အထား တခုလို့လည်း သတ်မှတ်နိုင်ပါတယ်။

“အဲဒီ စည်းရိုးကြီးကြောင့် လူကုန်ကူးသမားတွေက နိုင်ငံတွေကြား နယ်စပ်ဖြတ်ကျော်ဖို့ အများကြီး ပိုခက်ခဲသွားစေတယ်လေ”လို့ Blue Dragonကို ထူထောင်ခဲ့တဲ့ မိုက်ကယ် ဘရိုဆော့စကီးက Al Jazeera သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ “အရင်တုန်းကဆိုရင် လူမှောင်ခိုသမားတွေက သူတို့ရဲ့ သားကောင်တွေကို တောင်ကြောတွေ၊ မြစ်ကြောင်းတွေကနေ ခေါ်သွင်းလာတာကြောင့် တရုတ် အာဏာပိုင်တွေ ထောက်လှမ်းဖို့ မလွယ်ဘူး။ ဒါပေမဲ့ အခုကျတော့ စည်းရိုးကြီးကြောင့် သူတို့ ဒီလို လုပ်လို့ မရတော့ဘူး။ ဒီတော့ လူမှောင်ခို သမားတွေက သူတို့ရဲ့ သားကောင်တွေကို ပို့ရမယ့် နေရာသစ်တွေ လိုလာတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုဖက်ထိပါ လူမှောင်ခိုမှုတွေ ပိုထူထပ်လာတာကို ကျွန်တော်တို့ ထောက်လှမ်းမိထားတယ်”လို့ သူက ဆိုတယ်။

ဗီယက်နမ် အမျိုးသမီးတွေကို တရုတ်နိုင်ငံထဲ မှောင်ခို တင်သွင်းပြီး အတင်းအကျပ် လက်ထပ်ခိုင်းတာ၊ လိင်အမြတ်ထုတ်တာမျိုး ဖြစ်စဉ်တွေက သိပ်ပြီး ထူထူထပ်ထပ် မဟုတ်တော့ပေမယ့် ရှေ့ဆက် ပေါ်ပေါက်နေဆဲပါ။ တဖက်မှာတော့ ကမ္ဘောဒီးယားမှာ မှောင်ခိုကူးခံရသူတွေကို လုပ်အား ခေါင်းပုံဖြတ်မှုတွေက သိသိသာသာ တိုးလာနေပါတယ်။ ကမ္ဘာဒီးယားဟာ ဒုစရိုက်ဂိုဏ်းတွေက နောက်ကွယ်ကနေ ကိုင်တွယ်နေတဲ့ ဆိုက်ဘာ ရာဇဝတ်မှု ပြဿနာတွေနဲ့လည်း ရုန်းကန်နေရဆဲပါ။ မြန်မာနိုင်ငံမှာတော့ လူကုန်ကူးခံ အမျိုးသမီး အများစုဟာ လိင်ကုန်ကူးမှု ကွင်းဆက်တွေထဲမှာ ပိတ်မိနေပါတယ်။ 

တရုတ်က စိုက်ထူလိုက်တဲ့ စည်းရိုးကြီးဟာ ဗီယက်နမ်နိုင်ငံ အစွန်အဖျား၊ တရုတ်နဲ့ နယ်စပ်နားမှာ အခြေချ နေထိုင်ပြီး ဝမ်းရေးအတွက် နယ်စပ်ကို နေ့တိုင်း တရားမဝင် ဖြတ်ကျော်ပြီး အလုပ်လုပ်ရလေ့ရှိတဲ့ ဒေသခံတွေကိုလည်း သူတို့ရဲ့ အလုပ်ခွင်တွေနဲ့ အဆက်ဖြတ် ခံရသလို ဖြစ်သွားစေပါတယ်။ ဒီတော့ ငွေကြေး အသည်းအသန် လိုအပ်လာပြီး အဲဒီလို မိသားစုတွေဟာ လူကုန်ကူးသမားတွေရဲ့ စက်ကွင်းထဲ ကျရောက်ဖို့ ပိုလွယ်ကူလာပါတော့တယ်။  

၂၀၂၀ ပြည့်နှစ်တုန်းက Blue Dragonဟာ တရုတ်နိုင်ငံမှာ ရှိနေတဲ့ လူကုန်ကူး ခံရသူ ဗီယက်နမ် ၂၇၄ ဦးကို Blue Dragonက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဲဒီ ကိန်းဂဏန်းတွေဟာ ၂၀၂၂ ခုနှစ်မှာတော့ ၁၁၀ ဦးထိ လျော့ကျသွားပါတယ်။ ၂၀၂၂ ခုနှစ်မှာ ကမ္ဘောဒီးယားက ၆၂ ဦး၊ မြန်မာနိုင်ငံက ၄၄ ဦးကို Blue Dragonက ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ၂၀၁၈ တုန်းကတော့ အဲဒီ နှစ်နိုင်ငံကနေ ဖောင်ဒေးရှင်း အနေနဲ့ ကယ်ထုတ်ရမယ့် အရေအတွက်က သုညပဲ ရှိခဲ့ပါတယ်။

ဗီယက်နမ် နိုင်ငံသားတွေ မြန်မာနိုင်ငံထဲ လူကုန်ကူးခံရမှုက နှစ်အလိုက် တရိပ်ရိပ် တိုးလာနေပေမယ့် ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဗီယက်နမ် အစိုးရပိုင် မီဒီယာတွေမှာ သတင်းဖော်ပြတာမျိုးတွေက အင်မတန် နည်းနေပါသေးတယ်။ သတင်းအများစုက ကမ္ဘောဒီးယားမှာ ဗီယက်နမ် နိုင်ငံသားတွေ အဓမ္မ အလုပ်ခိုင်းစေမှု ခံရတာတွေကို မီးမောင်း ထိုးပြလေ့ရှိပြီး ဗီယက်နမ်ရဲ့ ပြည်သူ့ လုံခြုံရေး ဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယားမှာ လွယ်လွယ်နဲ့ ငွေရမယ့် အလုပ်မျိုးတွေ ဗန်းပြပြီး သွေးဆောင်တာတွေကို သတိထားကြဖို့ပဲ အဖန်ဖန် အခါခါ ထုတ်ပြန်နေဆဲပါ။

ဒီယက်ပ်လိုပဲ ဟန်းဆိုတဲ့ မိန်းကလေးကလည်း မြန်မာနိုင်ငံထဲ လူမှောင်ခို ပို့ဆောင်ခံရပြီး ပြည့်တန်ဆာ လုပ်ငန်းတွေမှာ အတင်းအကျပ် ခိုင်းစေမှု ခံခဲ့ရသူ ဖြစ်ပါတယ်။ သူဟာ ရက်ရက်စက်စက် ပြုမူ ဆက်ဆံတာတွေ ခံခဲ့ရသလို မက်သာမက်ဖတမင်း ဆေးတွေလည်း တိုက်ကျွေး ခံခဲ့ရပြန်ပါတယ်။ ဟန်းဟာ အဆက်မပြတ်နီးပါး ခြိမ်းခြောက် ခိုင်းစေမှုတွေ၊ သူ့အနီးတဝိုက်မှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကို အကြိမ်ကြိမ် ကြုံခဲ့ရဖူးတယ်။ သူက ဆောင်ကြာမြိုင်တွေကို လုံခြုံရေး စောင့်ကြပ်နေတဲ့ ဝန်ထမ်းတွေထဲမှာ ဗီယက်နမ် နိုင်ငံသားတွေ ကိုယ်တိုင် ပါဝင်နေတယ်လို့လည်း ပြောပါတယ်။

တနေ့မှာတော့ အမျိုးသမီး တဦးက ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ကို ချုပ်နှောင်ထားသူတွေက အမျိုးသမီးကို ပြန်ဖမ်းမိတဲ့အခါ ကိုယ်တုံးလုံးချွတ်ပြီး အိမ်ရှေ့မှာ ခွေးတကောင်လို သံကြိုးနဲ့ချည်ပြီး လူတကာမြင်အောင် ပြထားခဲ့တယ်။ ပြီးတော့ အစားအသောက်လည်း မကျွေးဘူး။

ဟန်းက ကိုဗစ် ကပ်ရောဂါကြောင့် စီးပွားရေး ကျပ်တည်းလာတာကို အကြောင်းပြုပြီး ၂၀၂၁ ဒုတိယ နှစ်ဝက်မှာ မြန်မာနိုင်ငံဆီ လူကုန်ကူး ခံခဲ့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလကျမှ Blue Dragonရဲ့ အကူအညီနဲ့ ဗီယက်နမ်ကို ပြန်ရောက်ခဲ့တာပါ။

မြန်မာနိုင်ငံမှာ လူကုန်ကူးမှု သားကောင်တွေကို အသုံးချပြီး ဆောင်ကြာမြိုင်တွေ ဖွင့်လှစ်ထားတဲ့ သူတွေဟာ ကမ္ဘောဒီးယားမှာ အွန်လိုင်း ငွေကြေး လိမ်လည်မှု လုပ်ငန်းတွေနဲ့ တရားမဝင် ကာစီနိုတွေ ဖွင့်လှစ်ထားတဲ့ ရာဇဝတ် ဂိုဏ်းတွေနဲ့ တဖွဲ့တည်းလို့ ယူဆရပါတယ်။ ကိုဗစ် ကပ်ရောဂါ ကာလမှာ လူတွေ အများအပြားဟာ အွန်လိုင်းပေါ်က လိမ်လည်မှုတွေနဲ့ လောင်းကစားဝိုင်းတွေအတွက် အရမ်းလွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာတာနဲ့အတူ အဲဒီ ရာဇဝတ် ဂိုဏ်းတွေလည်း လျင်လျင်မြန်မြန် ကြီးထွားလာပါတယ်။

“ကျွန်တော်တို့ လူတွေ ရာနဲ့ချီပြီး တွေ့ဆုံ စကားပြောကြည့်ခဲ့တဲ့အခါ မြန်မာနိုင်ငံမှာ ဆောင်ကြာမြိုင်တွေ ဖွင့်လှစ်ထားသူတွေက ကမ္ဘောဒီးယားမှာ အွန်လိုင်းကနေ လိမ်နေတဲ့ ဂိုဏ်းသားတွေပဲလို့ ကောက်ချက် ချမိပါတယ်။ သူတို့ရဲ့ မိခင်နိုင်ငံမှာ အစိုးရက ဒီလို ကိစ္စမျိုးကို လုံးဝ ခွင့်ပြုမှာမှ မဟုတ်တာ”လို့ ဘရိုဆော့စကီးက ပြောပါတယ်။ 

ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာတို့မှာ လူကုန်ကူး ခံရသူတွေဟာ နယ်စပ် ဒေသတွေက အထူးစီးပွားရေးဇုန် (SEZ)တွေဆီ အများအားဖြင့် ပို့ဆောင်ခံရလေ့ ရှိပါတယ်။ အဲဒီနယ်မြေတွေမှာ တရားဥပဒေ စိုးမိုးမှုက အရမ်း လျော့ရဲနေတာကြောင့်ပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတုန်းက စစ်တပ် အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အဲဒီ ပြဿနာတွေက ပိုပြီး ရှုပ်သထက် ရှုပ်လာပါတော့တယ်။

အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမှာရှိတဲ့ အမျိုးသား စစ်ရေးကောလိပ်က အရှေ့တောင်အာရှ လုံခြုံရေး ကျွမ်းကျင် ပညာရှင် ဇာချာရီ အဘူဇာက ကမ္ဘာဒီးယားက ဆိုက်ဘာ လိမ်လည်မှု လုပ်ငန်းတွေ၊ ရှမ်းပြည်နယ်ထဲက ကိုးကန့်နဲ့ လားရှိုးမှာ တရုတ်က ကျောထောက်နောက်ခံ ပေးထားတဲ့ SEZတွေနဲ့ လာအိုနိုင်ငံရဲ့ ဘိုတန်နဲ့ ဘိုကီရို ဒေသတွေဟာ ကြီးကြီးမားမား ကွာခြားမှု မရှိလှဘူးလို့ ယူဆကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်တွေမှာဆိုရင် စစ်တပ်ကို လိုလားတဲ့ နယ်ခြားစောင့်တပ် (BGF)တွေ၊ ဒါမှမဟုတ် အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေက ဩဇာသက်ရောက် ထိန်းချုပ်ထားလေ့ ရှိပါတယ်။ 

“တကယ်တော့ အာဏာသိမ်းလိုက်တဲ့အတွက် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဖြန့်ကျက် ထိန်းချုပ်နိုင်စွမ်းက ပိုလျော့သွားတာပါ။ အထူးသဖြင့် နယ်ခြားဒေသတွေမှာပေါ့။ အဲဒါကြောင့်လည်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်ဂိုဏ်းတွေအတွက် လှုပ်ရှားရတာ ပိုပြီး လွယ်ကူလာစေတယ်”လို့ Crisis Groupရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း အကြံပေး ပညာရှင် ရစ်ချတ် ဟော်ဆေးက ပြောပါတယ်။

၂၀၂၂ ခုနှစ်မှာ အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူကုန်ကူး ခံရမှုများ အစီရင်ခံစာအရ အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ဟာ သူတို့ရဲ့ အာရုံစူးစိုက်မှုကို တော်လှန်ရေး အင်အားစုတွေကို ဖိနှိပ်ရေးအတွက်ပဲ ပုံအောထားလိုက်ပြီး တရားဥပဒေ စိုးမိုးရေးနဲ့ တခြား အလေးထားသင့်တဲ့ နယ်ပယ်တွေကို မျက်ကွယ် ပြုလိုက်ခြင်းနဲ့အတူ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေ သိသိသာသာ ဆုတ်ယုတ် ကျဆင်းသွားတယ်လို့ သိရပါတယ်။

အရပ်ဖက် အဖွဲ့အစည်းတွေ စုပေါင်းချိတ်ဆက် ပြုစုတဲ့ စာရင်းတွေမှာလည်း ခန့်မှန်းခြေ ဗီယက်နမ် အမျိုးသမီး ၅၀၀ လောက်ဟာ ဝ အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှာ စီးပွားဖြစ် လိင်လုပ်သားတွေ အနေနဲ့ အသုံးချ ခံနေရတယ်လို့လည်း အစီရင်ခံ ဖော်ပြထားပါတယ်။ အဲဒီ ဒေသဟာ စစ်တပ်ရဲ့ ဩဇာ သက်ရောက်နိုင်စွမ်း အနည်းဆုံး နေရာတခုဖြစ်ပြီး အဲဒီ ဗီယက်နမ် အမျိုးသမီးတွေထဲက တချို့ဟာ ဆန္ဒမပါဘဲ လူကုန်ကူး ခံရတယ်ဆိုတဲ့ အထောက်အထားတွေ မြင်နေရတယ်လို့ အဲဒီ အစီရင်ခံစာက ဆိုတယ်။ နောက်ပြီး ဒီအခြေအနေတွေက ဆိုးသထက်ကို ဆိုးလာနိုင်သေးတယ်လို့လည်း သတိပေးထားပြန်ပါသေးတယ်။

“အစိုးရ အာဏာစက် သက်ရောက်မှု လျော့ပါးနေတဲ့ နေရာ၊ အထူးသဖြင့် နယ်ခြားဒေသတွေမှာ တရားဥပဒေ စိုးမိုးရေးနဲ့ သီးခြားစောင့်ကြည့်နိုင်စွမ်းတွေက အရမ်းနည်းပါးပါတယ်။ အဲဒီအတွက်လည်း အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေရဲ့ နယ်စပ် ဒေသတွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ထိုင်းကုမ္ပဏီတွေက ပိုင်ဆိုင်တဲ့၊ ဒါမှမဟုတ် ထိန်းချုပ်ထားတဲ့ ကာစီနိုတွေနဲ့ SEZတွေမှာ လိင်ကုန်ကူး ခံရမှု သားကောင်တွေဘဝ ရောက်လာနိုင်ပါတယ်”လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

မြန်မာနိုင်ငံထဲက ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း နယ်မြေ ဖြန့်ကျက် ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တချို့ဟာ တရားမဝင် ကာစီနိုဝိုင်းတွေနဲ့ ဆောင်ကြာမြိုင်တွေ ဖွင့်လှစ်ခွင့် ပေးထားကြောင်း Blue Dragon ဖောင်ဒေးရှင်းက စွပ်စွဲ ပြောကြားထားပါတယ်။

 

(Al Jazeera သတင်းဌာန၏ Traffickers switch to Myanmar after China erects border fence ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)

Delta News

Read Previous

ငါန်းဇွန်က ပီဒီအက်ဖ်စခန်း စီးနင်းခံရပြီး လက်နက်ခဲယမ်းတွေဆုံးရှုံး

Read Next

ဆိုးသွမ်းပရိသတ်တွေကို ကွင်းဝင်ခွင့် ပိတ်ပင်တဲ့ပြစ်ဒဏ်တွေ အေဇီ အယ်လ်ခမာအသင်း ချမှတ်