ယူကရိန်းကို ပိုလန်နဲ့ ဆလိုဗက်ကီးယား တိုက်လေယာဉ်တွေ လွှဲပေးမယ့်ကိစ္စ ရုရှား တင်းတင်းမာမာ တုံ့ပြန်

မတ်၊ ၁၈

ယူကရိန်းကို ပိုလန်နဲ့ ဆလိုဗက်ကီးယားတို့က တိုက်လေယာဉ်တွေ လွှဲပေးမယ့် ကိစ္စအပေါ် ရုရှားက တင်းတင်းမာမာ တုံ့ပြန် သတိပေးခဲ့ပါတယ်။

 အခုသီတင်းပတ်မှာ ပိုလန် အစိုးရက ယူကရိန်းအတွက် MiG-29 တိုက်လေယာဉ် ၄ စီး လွှဲပြောင်းပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ပိုလန်ဟာ ရုရှားရဲ့ ကျူးကျော်စစ်နောက်ပိုင်း ယူကရိန်းကို တိုက်လေယာဉ်တွေ ပေးအပ်မယ့် ပထမဆုံး NATO အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

 ဆိုဗီယက် ဒီဇိုင်းနဲ့ တည်ဆောက်ထားတဲ့ MiG-29တွေကို ရုရှား၊ ပိုလန်နဲ့ ယူကရိန်း လေတပ်တွေက အသုံးပြုနေပါတယ်။ ပိုလန်ဟာ ယူကရိန်း တိုက်လေယာဉ်မှူးတွေနဲ့ အကျွမ်းတဝင် ရှိနှင့်ပြီးဖြစ်တဲ့ MiG-29တွေကို လွှဲပေးပြီး အမေရိကန်လုပ် အဆင့်မြင့် F-35 တိုက်လေယာဉ်တွေနဲ့ ဝယ်ယူ အစားထိုးဖို့ ရည်ရွယ်ထားပါတယ်။ ပိုလန် အစိုးရက ပထမအသုတ် MiG-29 ၄ စီးကို မကြာခင် ရက်ပိုင်းအတွင်း ယူကရိန်းဆီ လွှဲပေးမယ်လို့ ကြေညာထားပါတယ်။

 နောက်တနေ့မှာတော့ ဆလိုဗက်ကီးယားကလည်း သူတို့ရဲ့ MiG-29 တချို့ကိုပါ ယူကရိန်းဆီ ပေးအပ်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဆလိုဗက်ကီးယားကတော့ MiG-29တွေကို ဆက်မသုံးတော့ဘဲ မနှစ်ကစပြီး အနားပေးထားခဲ့ပါတယ်။ ယူကရိန်းဆီကို ဆလိုဗက်ကီးယားရဲ့ MiG-29 ဘယ်နှစီးထိ ပေးပို့မလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အခုအခါမှာတော့ NATO အဖွဲ့ဝင် နိုင်ငံတချို့ကလည်း သူတို့ဆီမှာ ရှိနေတဲ့ MiG-29တွေကို ယူကရိန်းအတွက် ပေးပို့သင့်သလား ဆိုတာကို ပြန်လည် ချိန်ဆ စဉ်းစားနေပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ယူကရိန်းအတွက် တိုက်လေယာဉ်တွေကို NATO အဖွဲ့ဝင် နိုင်ငံတွေက ထောက်ပံ့မယ့် ကိစ္စအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။ နောက်ပြီး ဒီလုပ်ရပ်ကြောင့် ယူကရိန်းမှာ ရုရှားက ဆင်နွှဲနေတဲ့ အထူးစစ်ဆင်ရေးအပေါ် ဘယ်လို ထိခိုက် သက်ရောက်မှုမှ မရှိနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

NATO နိုင်ငံတွေက ယူကရိန်းကို တိုက်လေယာဉ်တွေ လွှဲပေးတဲ့အခါ ယူကရိန်းနိုင်ငံနဲ့ ယူကရိန်း ပြည်သူတွေပဲ ပိုပြီး ဒုက္ခရောက်လိမ့်မယ်လို့လည်း ပက်စ်ကော့ဗ်က ဆက်ပြောပါတယ်။ ပြီးတော့ ရုရှားရဲ့ စစ်ဆင်ရေးတွေအတွင်း အဲဒီလို စစ်လက်နက်တွေကို သေချာ ပစ်မှတ်ထားပြီး ဖျက်ဆီးဖို့ ဦးစားပေး လုပ်ဆောင်သွားမယ်လို့လည်း သူက ခြိမ်းခြောက်ခဲ့ပါတယ်။

MiG-29တွေဟာ ဆိုဗီယက် ခေတ်ကတည်းက တည်ဆောက်ထားတဲ့ ဘက်စုံသုံး ဗုံးကြဲ တိုက်လေယာဉ်တွေဖြစ်ပြီး ယူကရိန်း လေတပ်နဲ့ အကျွမ်းတဝင် ရှိနေတယ် ဆိုပေမယ့် သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပိုမိုခေတ်မီပြီး အနောက်နိုင်ငံတွေမှာ ထုတ်လုပ် တည်ဆောက်တဲ့ F-16လို တိုက်လေယာဉ်တွေ ရရှိဖို့ မလျှော့စတမ်း တောင်းဆိုနေပါတယ်။

Ref: BBC