ကမ်းရိုးတန်းနား ချဉ်းကပ်လာတဲ့ ရုရှား လေယာဉ်တွေကြောင့် ဂျပန် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရ

မေ၊ ၂၅

ကမ်းရိုးတန်းနားထိ ချဉ်းကပ်လာတဲ့ ရုရှား လေယာဉ်တွေကို ထောက်လှမ်း တွေ့ရှိခဲ့တဲ့နောက် ဂျပန် ပြည်စောင့်တပ်ရဲ့ တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ခဲ့ရကြောင်း သိရပါတယ်။

 မေလ ၂၅ ရက်က ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းတဲ့ ရုရှား လေယာဉ်တွေဟာ ပစိဖိတ် သမုဒ္ဒရာနဲ့ ဂျပန်ပင်လယ် ရေပြင်ကနေ ကမ်းရိုးတန်းဖက် ချဉ်းကပ် ပျံသန်းလာတာကို ဂျပန် ပြည်စောင့်တပ်က ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။

 ရုရှားလေယာဉ် တစီးဟာ ဂျပန်နိုင်ငံ မြောက်ဖက်စွန်းကနေ ဂျပန် အနောက်ဖက် ကမ်းရိုးတန်းအတိုင်း တောင်ဖက်ကို ပျံသန်းခဲ့သလို နောက်တစီးက အဲဒီ လမ်းကြောင်းအတိုင်း ပြောင်းပြန် တောင်ဖက်ကနေ မြောက်ဖက်ကို ပျံသန်းခဲ့တာပါ။

 ဒီအခြေအနေကြောင့် ဂျပန် ပြည်စောင့်တပ်ရဲ့ မြောက်ပိုင်း လေတပ်ဖွဲ့ အခြေစိုက် တိုက်လေယာဉ်တွေ ချက်ချင်း ပျံတက်ပြီး စောင့်ကြည့်ခဲ့ရကြောင်း သိရပါတယ်။

 G7 ညီလာခံကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ ဂျပန်ဟာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကိုပါ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပြီး ရက်ပိုင်း အကြာမှာ ရုရှားလေယာဉ်တွေက အခုလို ချဉ်းကပ်ပျံသန်းတာမျိုး လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

 ပြီးခဲ့တဲ့နှစ်၊ မေလတုန်းကလည်း တိုကျိုမှာ အမေရိကန် ဦးဆောင်တဲ့ Quad စစ်မဟာမိတ် ညီလာခံ ကျင်းပပြီး ချက်ချင်း ဆိုသလိုပဲ ဂျပန် ရေပိုင်နက်နားမှာ ရုရှားနဲ့ တရုတ်တို့ရဲ့ စစ်လေယာဉ်တွေ ပူးပေါင်းပြီး အင်အားပြ ပျံသန်းခဲ့ဖူးပါတယ်။

 ဂျပန်နဲ့ ရုရှားတို့ဟာ သမိုင်းကြောင်း ရှုပ်ထွေးတဲ့ ဆက်ဆံရေးမျိုးတွေ ရှိနေပြီး ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ နောက်ပိုင်းမှာ အဲဒီ ကိစ္စက ပိုပြီး ကျယ်ပြန့်လာပါတယ်။ ပြီးတော့ ရုရှားနဲ့ ဂျပန်တို့ဟာ ဒုတိယ ကမ္ဘာစစ် အပြီးမှာ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးထားတာမျိုး မရှိသေးပါဘူး။ ရုရှားရဲ့ ပြိုင်ဘက် အနောက်မဟာမိတ် နိုင်ငံ အားလုံးနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားခြင်းကြောင့် ရုရှားက ဂျပန်ကို ရန်လိုတဲ့ နိုင်ငံတခု အနေနဲ့ သတ်မှတ် ယူဆထားတယ်လို့လည်း သိရပါတယ်။