မတ်၊ ၁၁
ယူကရိန်းကို တိုက်လေယာဉ်တွေ ပံ့ပိုး ပို့ဆောင်သွားနိုင်ရေး အားထည့် လုပ်ဆောင်ဖို့ အနောက် မဟာမိတ် နိုင်ငံတွေကို ပိုလန်နဲ့ ဆလိုဗက်ကီးယား အစိုးရတွေက ထပ်မံ ဆော်ဩ တိုက်တွန်းလိုက်ပါတယ်။
အဲဒီ နှစ်နိုင်ငံလုံးက သူတို့လက်ထဲမှာ ရှိနေတဲ့ ဆိုဗီယက်လုပ် MiG-29 ဘက်စုံသုံး တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ လိုလိုလားလား ရှိနေကြပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ NATO မဟာမိတ် အဖွဲ့ဝင် နိုင်ငံ အများစုကတော့ ခုခံရေး စစ်လက်နက် မဟုတ်တဲ့ တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါတယ်။
ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုက ခွဲထွက်လာတဲ့ နိုင်ငံတခု ဖြစ်တာကြောင့် ဆိုဗီယက် စစ်လက်နက်တွေနဲ့ အကျွမ်းတဝင် ရှိနေပြီး ယူကရိန်း လေယာဉ်မှူးတွေကလည်း MiG-29တွေကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်ပါတယ်။
ပိုလန်ရော၊ ဆလိုဗက်ကီးယားပါ သူတို့ရဲ့ လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပေးချင်ပေမယ့် နိုင်ငံတခုချင်းစီက ထောက်ပံ့တာမျိုး မဟုတ်ဘဲ နိုင်ငံတကာ မဟာမိတ်တွေက ယူကရိန်းအတွက် ဝိုင်းဝန်းထောက်ပံ့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကပဲ ရှေ့ဆက်ချင်နေတာ ဖြစ်ပါတယ်။
ဆလိုဗက်ကီးယား ကာကွယ်ရေး ဝန်ကြီး ဂျာရိုဆလက်ဗ် နက်ဒ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် တခုခု ချသင့်နေပြီလို့ ယူဆကြောင်း၊ ယူကရိန်း ပြည်သူတွေ တဖြုတ်ဖြုတ် သေနေကြတာကို ရပ်တန့်ဖို့ မဟာမိတ်တွေ အနေနဲ့ ထိထိရောက်ရောက် ကူညီနိုင်စွမ်း ရှိနေကြောင်း ပြောကြားသွားပါတယ်။
တဖက်မှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အမေရိကန်လုပ် F-16တွေ အပါအဝင် NATO စံနှုန်းနဲ့ ကိုက်ညီတဲ့ တိုက်လေယာဉ်တွေ ရရှိရေး အပူတပြင်း တောင်းဆိုနေပါတယ်။ ဒါပေမဲ့ အမေရိကန်နဲ့ ဂျာမနီ အစိုးရကတော့ လက်ရှိ အခြေအနေမှာ ယူကရိန်းအတွက် တိုက်လေယာဉ်တွေ ထောက်ပံ့ပေးရေးက လက်တွေ့ကျတဲ့ တောင်းဆိုမှု မဟုတ်ဘူးလို့ အကြောင်းပြပြီး ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။
Ref: Euro News