ရုရှားကို ဆန့်ကျင်တဲ့ G7 တွေ့ဆုံမှု

၁၂၊ ဒီဇင်ဘာလ၊  ၂၀၂၁။

ယူကရိန်းအပေါ် ဖိအားပေးနေတဲ့ ရုရှားနိုင်ငံရဲ့ အပြုအမူကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ရုရှားမပါ G7 နိုင်ငံ ၇ နိုင်ငံဟာ ဗြိတိန်နိုင်ငံ လီဗာပူးလ်မြို့မှာ အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေဟာ ရုရှားနိုင်ငံရဲ့ ယူကရိန်းအပေါ် ရန်စမှုတွေကို အဓိက ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံကို ဆန့်ကျင်တဲ့ စည်းလုံး ညီညွတ်မှုကို ပြသခဲ့ကြတာပါ။

အစည်းအဝေးအဖွင့်မှာတော့ “ရန်လိုတဲ့ အပြုအမူတွေ တိုးပွားလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လိုအပ်တယ်”ဆိုတဲ့ အဖွင့်စကားနဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး လစ်ဇ်ထရပ်စ်က စတင်ပြီး ပြောကြားခဲ့ပါတယ်။

G7 နိုင်ငံတွေဟာ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ဘောင်ခတ် ကန့်သတ်တာတွေကို အလိုမရှိဘဲ ရန်သူလို ပြုမူနေတဲ့ နိုင်ငံတွေကို ဆန့်ကျင်ပြီး အတူလက်တွဲကာ ရပ်တည်နေဖို့အရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

အခုအခါမှာ ယူကရိန်းနယ်စပ်ကို လက်နက်အပြည့်အစုံနဲ့ ချဉ်းကပ်နေတဲ့ ရုရှားစစ်တပ်ရဲ့ အပြုအမှုဟာ ကျူးကျော်ဝင်ရောက်မှုရဲ့ ရှေ့ပြေးတစ်ခုအဖြစ် G7 အဖွဲ့တွေက ထင်မြင်နေပါတယ်။

ဒါကြောင့်လည်း အမေရိကန်အပါအဝင် နေတိုးမဟာမိတ်တွေဟာ ရုရှားနိုင်ငံရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာဖြစ်သလို ကန့်သတ်ပိတ်ဆို့မှုတွေလည်း ပြုလုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

ယူကရိန်းနိုင်ငံကို နေတိုးစစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ် လက်မခံဖို့ ရုရှားအစိုးရရဲ့တောင်းဆိုချက်ကိုလည်း နေတိုးဘက်က ငြင်းဆန်ထားပြီဖြစ်သလို အိမ်နီးချင်းနိုင်ငံအပေါ် အနိုင်ကျင့်ဆက်ဆံနေတာတွေ ရပ်တန့်ဖို့ပါ တောင်းဆိုထားတာပါ။