တနင်္သာရီမှာ စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ပစ်လို့ ကလေးငယ်တဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

မတ်၊ ၁၀

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာ ကြောင့် ကလေးတစ်ဦး သေဆုံးကာ ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

ဒီကနေ့ နံနက် ၇ နာရီကျော်ခန့်မှာ တနင်္သာရီမြို့အခြေစိုက်စစ်ကောင်စီအမြောက်တပ်ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လယ်သစ် အရှေ့ကမ်းရွာအတွင်းကို လက်နက်ကြီး ၁၂၀ မမ ၁၀ လုံးကျော်နဲ့ ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီဘက်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ လူနေအိမ်ပေါ်ကျရောက်ကွဲခဲ့သလို လူသွားလာနေတဲ့ လမ်းမပေါ်ကိုလည်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်မှာရှိတဲ့ အသက် ၈ နှစ်အရွယ်ကလေးတဦးသေဆုံးကာ အရပ်သား ၈ ဦးလည်း ထိခိုက်ဒဏ်ရာ အသီးသီးရရှိခဲ့တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ ဖြစ်တာက မနက် ၇ နာရီကျော်လောက်မှာ ။လက်နက်ကြီးနဲ့ စပစ်တာ။ဒီဘက်မှာလည်း ဘာတိုက်ပွဲမှ ဖြစ်တာတော့ မရှိနေဘူးအခု ရက်ပိုင်းတွေထဲမှာ။သုံးလုံး၊ လေးလုံးလောက် ရွာထဲကျတယ်။အိမ်ပေါ်ကျတယ်။လမ်းပေါ်ကျတယ်။ရွာထဲမှာတော့ အလှူအိမ်၊ မင်္ဂလာပွဲတစ်ခုပဲ ရှိတယ်။အခုလက်နက်ကြီးကျတာက အဲဒီအိမ်အနားပဲ ဖြစ်တာလေ။သေတာပေါ့။ကလေးက ၈ နှစ်ပဲ ရှိသေးတယ်ကွယ်။ကျန်တဲ့သူက ၈ ယောက်လောက်ဒဏ်ရာရတယ်။ အဲမှာ တချို့ဆို လမ်းမှာပဲ ထိတာ” လို့သူကပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့သူတွေထဲမှာ အများစုက ၅၀ နှစ်ဝန်ကျင်းအရွယ်အမျိုးသား၊အမျိုးသမီးတွေဖြစ်ကြပြီး အဲဒီလူတွေကို ကျေးရွာမှာရှိတဲ့ ဆေးဝါးကျွမ်းကျင်သူများနဲ့ ဆေးကုသမှုခံယူနေကြသလို တချို့က နီးစပ်ရာ ဆေးပေးခန်းတွေမှာ ကုသနေကြတယ်လို့ သူက ဆိုပါတယ်။

ဒါအပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်လေးလုံးလည်း ထိခိုက်ပျက်စီးခဲ့ပြီး ကျေးရွာအတွင်းက ရွာသားအများစု ကလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ အိမ်လေးလုံး ထိခိုက်ပျက်စီးသွားတယ်။အဲလိုပစ်တော့ ရွာသားတွေကလည်း ထွက်ပြေးသွားကြပြီ။တချို့က ကျန်နေတာရှိတယ်၊ အများစုက ကြောက်လို့ ခဏသွားရှောင်ကြတာ။ဒီဘက်မှာက ဒီလိုပဲ ဒီလိုမျိုးဖြစ်လာရင် ခဏရှောင်လိုက်ကြာတယ်။ နည်းနည်းငြိမ်သွားရင် အိမ်ပြန်လာကြတယ်။” ဟု ၎င်း က ပြောပါတယ်။

တနင်္သာရီမြို့နယ်ဟာဆိုရင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားရတဲ့မြို့နယ်တစ်ခုဖြစ်ပြီး အဲဒီမြို့နယ်မှာဆိုရင် စစ်ကောင်စီ တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

ဒါအပြင် တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာအပါအဝင် ကျေးရွာတချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေ ဖြစ်တာကြောင့် အဲဒီကျေးရွာတွေမှာ တိုက်ပွဲပြင်းထန်လေ့ရှိသလို စစ်ကောင်စီတပ်ဖွဲ့တွေက မကြာခဏလက်နက်ကြီး ပစ်ခတ်လေ့ရှိ တယ်လို့ တနင်္သာရီမြို့နယ်မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ၊ဗောဓိကမ်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဘန်လော(အရှေ့)ကျေးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့တာကြောင့် စာသင်ကျောင်းအပါအဝင် နေအိမ် ၅ လုံး ပျက်စီးခဲ့ပါသေးတယ်။

၂၀၂၁ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးတဲ့အချိန်ကနေ မတ်လ ၁၀ရက် ဒီကနေ့ ညနေ လေးနာရီအထိ စစ်ကောင်စီလက်ချက်နဲ့ အရပ်သားသေဆုံးမှု ၃၁၂၀ ဦးရှိပြီး ကလေးငယ် ၃၀၂ဦးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင် AAPPကဒီကနေ့ထုတ်ပြန်ထားပါတယ်။